လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် တိုင်ကြားခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်းကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့သည်။
ဆလိုင်းအိုက်ဇက်ခင်က အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ချင်းတော်လှန်ရေး အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် တိုင်ကြားခံထားရသည်။
လက်ရှိတွင် အဆိုပါဌာနတွင်း စစ်ဆေးကြားနာမှုအစီရင်ခံစာနှင့် ဆက်စပ်စာရွက်စာတမ်းများကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒအကောင်အထည်ဖော် ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း၊ ထို့အတူ ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြာင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ တိုက်ပွဲဝင်နေသော ကာလအတွင်း တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်အတိုင်း မလုပ်ဆောင်မိရန် သတိထားဖို့ လိုအပ်ကြောင်း၊ နစ်နာသူအတွက် တရားမျှတမှုရှိရေး ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဖို့ လိုအပ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက ပြောသည်။
“အဲဒီလိုမျိုး အခန်းကဏ္ဍမှာဆိုရင်တော့ အများကြီး သတိထားဖို့ လုပ်ဆောင်ဖို့ လိုအပ်တာပေါ့၊ ပြောရမယ်ဆိုရင်တော့ ဒီတော်လှန်ရေးအင်အားစုဆိုတာက ဒီအချိန်မှာက တိုက်ပွဲဝင်နေတဲ့ ကာလပဲဖြစ်တယ်။ ကျမတို့ ယုံကြည်နေတာက စစ်အာဏာရှင် ပြုတ်ကျရေးကိစ္စပေါ့နော်၊ တဖက်မှာလည်း စကစ နည်းတူ၊ စကစရဲ့ လုပ်ဆောင်ချက်တွေကို လိုက်မလုပ်မိဖို့ ပြည်သူလူထုအပေါ်မှာ တခြားနည်းလမ်းတွေနဲ့ အကြမ်းဖက်မှုတွေရော ပြောပြော၊ လိင်ပိုင်းဆိုင်ရာအပိုင်းပဲ ပြောပြော၊ မလုပ်ဆောင်ဖို့ လိုအပ်တာပေါ့၊ တကယ်လို့ အဲဒီလိုမျိုးတွေ ရှိလာပြီဆိုရင် သေချာစုံစမ်းစစ်ဆေးဖို့ လိုအပ်တာပေါ့နော်၊ ရည်ရွယ်ချက်ရှိရှိ လုပ်တာလား၊ မတော်တဆဖြစ်သွားတဲ့ ပုံစံမျိုးပဲ ပြောပြော ဘယ်လိုကိစ္စမျိုးပဲ ဖြစ်နေဖြစ်နေ ဒီဟာတွေက တကယ့်ကို ပြန်ပြီးမှ တရားမျှတမှု ရှိဖို့အတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေတော့ ပြန်လည်လုပ်ပေးဖို့ လိုအပ်တာပေါ့” ဟု ၎င်းက ပြောသည်။
ဆလိုင်းအိုက်ဇက်ခင်၏ Facebook လူမှုကွန်ယက်စာမျက်နှာတွင် လေးစားစွာ အပြည့်အဝပူးပေါင်းဆောင်ရွက်သွားပါမည်ဟု ဇွန်လ ၂၀ ရက်မှာ ရေးသားထားသည်။
ချင်းတော်လှန်ရေးအမျိုးသမီးကို ဌာနအတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်ထားသလို နစ်နာသူနှင့် အတူ လုပ်ဖော်ကိုင်ဖက် နှစ်ဦးကို အလုပ်ရပ်နားပေးခံရခြင်း၊ ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဆလိုင်းအိုက်ဇက်ခင်ကို အရေးယူရန် ချင်းအမျိုးသမီးအဖွဲ့အစည်းများမှ ဇွန်လ ၂၃ ရက်မှာ တောင်းဆိုထားသည်။
NUG ဝန်ကြီးဌာနအနေဖြင့် နစ်နာသူကို လိုအပ်သော ကာကွယ်မှုများ ပေးအပ်ရန်၊ နစ်နာသူအတွက် တရားမျှတမှုရှိစေရန် ပွင့်လင်းမြင်သာစွာ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန်၊ နစ်နာသူအတွက် အလှမ်းဝေးစေနိုင်သည့် လူမှုရေး၊ ဘာသာရေးနှင့် ဓလေ့ထုံးတမ်းအရ ညှိနှိုင်းဆောင်ရွက်မှုများ မပြုလုပ်ရန် တောင်းဆိုထားသည်။
