Tuesday, March 10, 2026
More
    spot_img
    Homeသတင်းရေဖြူဒေသတွင် စစ်ကောင်စီဘက်က အင်အားအလုံးအရင်း ဖြည့်တင်းလာ

    ရေဖြူဒေသတွင် စစ်ကောင်စီဘက်က အင်အားအလုံးအရင်း ဖြည့်တင်းလာ

    -

    မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင်ရုံးစိုက်ရာ ရေဖြူမြို့နယ် မျောက်ချောကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး အင်အား ဖြည့်တင်းလာသည်ဟု တော်လှန်ရေးမဟာမိတ် အင်အားစုတို့က ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ရာဖူးကျေးရွာအုပ်စု၊ မျောက်ချောကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရေဖြူမြို့နယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တို့က အင်အားဖြည့်တင်းလာကြောင်း တော်လှန်ရေးမဟာမိတ် အင်အားစုတွင်ပါဝင်သည့် မွန်ပြည် တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    “လက်ရှိမှာ မလွှဲတောင်ကနေ ကလိန်အောင်အထိဆိုရင် အင်အားတစ်ထောင်နီးပါးလောက် ဖြည့်တင်းလာတာ ရှိတယ်။ တစ်ခါမှ စစ်ကြောင်းမထိုးဖူးတဲ့ ခေါ်ဇာမြို့က ခလရ-၃၁ လိုမျိုး ကိုလည်း စစ်ကြောင်းထိုးဖို့ လွှတ်လာခဲ့တယ်။ ရေဖြူဒေသမှာက စစ်ကြောင်းမနည်း ဝင်ရောက် လာတယ်” ဟု ဗိုလ်နဂါးက ပြောသည်။

    ယခုကဲ့သို့ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းသည် ရေး-ထားဝယ်လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးထက် ထားဝယ်ရေနက်ဆိပ်ကမ်းအရေးဖြစ် နိုင်သည်ဟု ဆိုသည်။

    စစ်ကောင်စီသည် ၂၀၁၅ ကတည်းက ရှေ့မတိုးနောက်မဆုတ်အခြေအနေဖြစ်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ပူးတွဲ ပြန်လည်အကောင်အထည်ဖော်ရန် ရုရှားနှင့် သဘောတူထားပြီး  နှစ်နိုင်ငံအကြား တွေ့ဆုံဆွေး နွေးမှုများလည်း ပြုလုပ်ထားသည်ဟု သိရသည်။

    “ထားဝယ်ရေနက်ဆိပ်ကမ်း ထိန်းချုပ်နိုင်ရေးက အဓိကဖြစ်နိုင်တယ်၊ ထားဝယ်ရေနက် ဆိပ်ကမ်းကို ရုရှားနိုင်ငံက ငှားမယ်လေ။ သူတို့မငှားခင် လာရောက်ကြည့်ရှုတာတွေ ရှိမယ်၊ အခြေအနေ လာကြည့်တာတွေ ရှိမယ်။ တကယ်လို့ လုံခြုံမှုမရှိရင် သူတို့မယူဘူးပေါ့။ အဲဒါကြောင့် အရင်ဆုံးလုံခြုံရေးယူထားနိုင်ဖို့ သူတို့ (စစ်ကောင်စီ) အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာနေတာဖြစ်နိုင်တယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ဆက်ပြောသည်။

    လက်ရှိအခြေအနေရ မျောက်ချော၊ နဂါးအိုင်စသည့်ကျေးရွာများအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားပြီး သဲချောင်းကျေးရွာအနီး ကြောင်လျှာကွင်းဒေသဘက်ကိုလည်း စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဒေသခံများထံမှ သိရသည်။

    ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ် ရှားနေသည့် တော်လှန်ရေးပူးပေါင်းတို့အကြား မျောက်ချောကျေးရွာအနီးမှာ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်။

    အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုနှင့် မီးတင်ရှို့မှုများ ကြောင့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ရုံးအနီးရှိ မျောက်ချောကျေးရွာက နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks