Tuesday, March 10, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီအဖွဲ့မှ သွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့် ရေဖြူမြို့နယ်ရှိ ထားဝယ်ခရိုင်ဒေသခံတို့ စားနပ်ရိက္ခာစတင်ခက်ခဲနေ

    စစ်ကောင်စီအဖွဲ့မှ သွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့် ရေဖြူမြို့နယ်ရှိ ထားဝယ်ခရိုင်ဒေသခံတို့ စားနပ်ရိက္ခာစတင်ခက်ခဲနေ

    -

    စစ်ကောင်စီတပ်မှ သွားလာခွင့်ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် ရေဖြူမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဒေသခံတို့ စားနပ်ရိက္ခာ စတင်ခက်ခဲနေသည်ဟု ဒေသခံတို့၏ သတင်းပေးချက်အရ သိရသည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မျောက်ချောရွာတစ်နေရာတွင် တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီတပ်တို့ ကျေးရွာအတွင်းအခြေခံနေထိုင်လျှက်ရှိရာ ဒေသခံတို့ကို ဝင်ထွက်သွားလာခွင့် ကတ်သန့်သည်မှာ ယနေ့လျှင် ၅ ရက်မြောက်အထိ ရှိခဲ့သည်ဟု သိရသည်။

    ‘ရာဖူး၊ အလယ်စခန်းကားလမ်းမဘက်ထွက်ဖို့က မလွယ်ဘူး၊ သူတို့ (စစ်ကောင်စီ) ပေးထွက်မှ ထွက်လို့ရမှာ၊ သွားလာဖို့က တော်တော်လေးကို ခက်နေတာ၊ အဲလိုဖြစ်နေတော့ အခုဆို ငတ်တဲ့လူကငတ်နေပြီး၊ အဓိကက ဆန်နဲ့ စားစရာတွေက ကုန်နေကြပြီးလေ’ ဟု ဒေသခံတစ်ဦးက IMNA နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုလာခဲ့သည်။

    ရေဖြူဒေသရှိ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တွင် မျောက်ချော၊နဂါးအိုင်၊မိတ်ဇိတ်၊ ရုံးပိုင်၊ ကျောင်းဒုံး၊မရော့ချိုင်း၊ လှည်းဆိပ်၊ ပနန်းပုံ၊ သာယာဝတီ(သဲချောင်း) စသည့်ကျေးရွာပေါင်း ၉ ရွာခန့်ရှိပြီး စစ်ကောင်စီအဖွဲ့မှ တစ်ရွာနှင့်တစ်ရွာ သွားလာခွင့် ကန့်သတ်ထားခြင်းကြောင့် ဒေသခံတို့ စားနပ်ရိက္ခာအခက်အခဲ စတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အဆိုပါကျေးရွာပေါင်း ၉ ရွာတွင် လူဦးရေ ၃၀၀၀ နီးပါးခန့်ရှိသည့်အနက် မျောက်ချော၊ မိတ်ဆိတ်၊ ရုံးပိုင်၊ ကျောင်းဒုံး၊ မရော့ချိုင်း၊ နဂါးအိုင် စသည့်ကျေးရွာမှ လူဦးရေး ၁၅၀၀ ကျော်တို့သည် စစ်မျက်နှာပြင်ကြားတွင် ရှိနေသည်ဟု သိရသည်။

    စစ်ကောင်စီတပ်မှ ရွာအပြင်သွားလာခွင့် ကန့်သတ်ထားသည်နှင့်ပတ်သတ်၍ ‘ ဒီဒေသတစ်လျှောက်က ရွာတွေကို သူတို့(စစ်ကောင်စီတပ်) တွေက PDF ရွာလို့သတ်မှတ်ထားကြတာ၊ PDF တွေကို ထောက်ပံ့နေတယ်လို့ အဲလိုကြားတယ်’ ဟု IMNA သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

    ‘ မျောက်ချောရွာဘက်မှဆိုရင် သူတို့အင်အားက ၁၅၀ လောက်ရှိနေတယ်၊ ကျန်တာတွေက မသိသေးဘူး၊ ဒီအတိုင်းသာဆိုရင် ဒီပွဲက လွယ်လွယ်နဲ့ ပြီးမှာမဟုတ်ဘူး’ ဟု ဆက်ပြောသည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဇွန်လ ၁၉ ရက်နေ့မှစ၍ စစ်ကောင်စီတပ်တို့ ထားဝယ်ခရိုင်ထိန်းချုပ်နယ်မြေတို့ဖြစ်သည့် မျောက်ချောရွာဝန်းကျင်၊ နဂါးအိုင်နှင့် ကြောင်လျှာကွင်းဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ယနေ့ ဇွန်လ ၂၃ တွင် စစ်ကား ၃ စီးဖြင့် အင်အားထပ်မံဖြည့်တင်းလျှက်ရှိသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

    ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် စစ်တပ်မှ စစ်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်သာမက ဒေသခံတို့တို့စစ်ဆေးတင်းကြပ်ခြင်းနှင့် မျောက်ချောရွာအတွင်းရှိ နေအိမ် ၄၀ ကျော်ကိုမီးရှို့ဖျက်စီးခဲ့ပြီး ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့တွင်လည်း နဂါးအိုင်ရွာအတွင်းရှိ ဒေသခံတို့၏ နေအိမ်ကိုလည်း မီးရှို့ဖျက်စီးခဲ့သေးသည်ဟု သိရသည်။

    ယနေ့ မနက် ၉ နာရီတွင်လည်း စစ်ကောင်စီတပ်တို့ မျောက်ချော၊ ရုံးပိုင်နှင့် ကျောင်းဒုံးရွာတို့တွင် လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်ခဲ့သေးသည်ဟု သိရသည်။

    အခြားတပ်ရင်းနှင့် ပူးပေါင်းပါဝင်ထားသည့် စစ်ကောင်စီတပ် ခလရ – ၂၈၂ တို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ဒေါနစစ်ကြောင်း၊ KTLA ၊ MSRF၊ NMSP-AD၊ ABSDF၊ KPDF နှင့် YGF စစ်ကြောင်းတို့ ပါဝင်လျှက်ရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks