စစ်တပ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထု သန်းနှင့်ချီရှိလာကြောင်း KNU က ထုတ်ပြန်ချက်အရ သိရသည်။
KNU တပ်မဟာမြေများဖြစ်သည့် သထုံခရိုင် (ဒူးသထူးခရိုင်)၊ တောင်ငူခရိုင် (တောအူးခရိုင်)၊ ညောင်လေးပင်ခရိုင် (ခလယ်လွီခရိုင်)၊ မြိတ်-ထားဝယ်ခရိုင်၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)၊ ဒူးပလာယာခရိုင်နှင့် ဖားအံခရိုင်တို့မှ ညောင်လေးပင်ခရိုင်တွင် ထွက်ပြေးတိမ်းရှောင်နေရသူ ၅ သိန်းနီးပါးရှိပြီး တိမ်းရှောင်နေရသူ အများဆုံးဖြစ်သည်။
ဒူးပလာယာခရိုင်တွင် ထွက်ပြေးတိမ်းရှောင်နေရသူ ၁ သိန်း ၅ သောင်းကျော်၊ သထုံခရိုင်တွင် ၁၄၀,၀၀၀ ကျော်ရှိနေသည်။
နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပြည်သူ တစ်သန်းကျော်အနက် ၆ သိန်းကျော်ကို KNU မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိအောင် လုပ်ဆောင်ထားသည်ဟု KNU က ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်း ၃ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံတွင် စစ်ဘေးရှောင်ဦးရေ ၃ သန်းကျော်ရှိလာပြီး ပြီးခဲ့သည့် ၆ လအတွင်း ၅၀ ရာခိုင်နှုန်းကျော် သိသိသာသာမြင့်တက်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီရင်ခံစာအရ သိရသည်။
စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံတွင် စစ်ဘေးရှောင် ၃ သိန်းခွဲဝန်းကျင်သာရှိခဲ့ပြီး အာဏာသိမ်း ကာလအတွင်း ဆယ်ဆကျော် မြင့်တက်လာခြင်းဖြစ်သည်။
