Saturday, April 4, 2026
More
    spot_img
    Homeသတင်းတက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် အမျိုးသမီးများ စစ်သင်တန်းတက်ရောက်ရန် စည်းရုံးခံနေရ

    တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် အမျိုးသမီးများ စစ်သင်တန်းတက်ရောက်ရန် စည်းရုံးခံနေရ

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အမျိုးသမီးများ ပါဝင်တက်ရောက်ရမည့် စစ်မှုထမ်းအပတ်စဉ်(၅)အတွက် စစ်ကောင်စီမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် အမျိုးသမီးတို့ကို လိုက်လံစည်းရုံးနေသည်ဟု သိရသည်။

    စစ်မှုထမ်းအပတ်စဉ်(၅)တွင် အမျိုးသမီးများကို ခေါ်ယူနိုင်ရန်အတွက် စာရင်းကောက်ယူခြင်းတို့အပြင် သင်တန်းကျောင်းများကို ကြိုတင်ပြင်ဆင်ရန် ညွှန်ကြားနေသည်ဟုလည်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် နီးစပ်သူတို့မှ သိရသည်။

    သို့သော်မြေပြင်အခြေနေတွင် စာရင်းကောက်ယူခြင်း မရှိသော်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်တို့ကစစ်မှုထမ်းရန် အိမ်တိုင်ရာ ရောက် စည်းရုံးမှုရှိနေကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

    “ ဘယ်လိုခေါ်မလဲဆိုတာကိုတော့ အတိကျပြောမနိုင်သေးဘူး၊ ဒါပေမဲ့အခုက ဆယ်တန်းအောင်ထားတဲ့ကလေးတွေကို စည်းရုံးနေတာတော့ရှိတယ်။ စစ်မှုထမ်းပြီးရင် လစာကောင်းကောင်းပေးမယ်၊ ရာထူးကောင်းကောင်းရအောင်ဆောင်ရွက်ပေးမယ်။ အဲလိုမျိုးစည်းရုံးနေတာတော့ရှိတယ်။အဲလိုစည်းရုံပြီးတော့ ကျွန်တော်တို့ရပ်ကွက်ကနေ နှစ်ယောက် စာရင်းပေးထားတာရှိတယ် ” ဟုဆိုသည်။

    စစ်ကောင်စီမှ သတ်မှတ်ထားသည့် စစ်မှုထမ်းဥပဒေတွင် အမျိုးသမီးများ အသက်၁၈နှစ်မှ၂၇နှစ်အတွင်း စစ်မှုထမ်းရမည်ဖြစ်ပြီး ပညာရှင်ဖြစ်ပါက အသက်၃၅ နှစ်အထိအကျုံးဝင်သည်ဟု သိရသည်။

    အမျိုးသမီးများ ပါဝင်တက်ရောက်ရမည့် စစ်သင်တန်းအပတ်စဉ် နီးကပ်လာသည်နှင့်အမျှ နေ့စဉ်ဘဝ လုံခြုံရေးအခြေအနေ ပိုမိုစိုးရိမ်နေရသည်ဟု မော်လမြိုင်မြို့အတွင်း နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။

    “ အမျိုးသမီးတွေအတွက် လုံခြုံရေးလို့ပြောရရင် အခုမှမရှိတာမဟုတ်ပါဘူးး။ သူတို့စစ်မှုထမ်းခေါ်မယ်လို့ ပြောတဲ့အချိန်ကစပြီးမရှိတာပါ။ ဒါမဲ့အခုကအမျိုးသမီးတွေပါမဲ့အပတ်စဉ်တွက်လည်း နီးလာတာဆိုတော့ ပိုပြီးဆိုးလာတဲ့သဘောပေ့ါနော်" ဟု ဆိုသည်။

    ၎င်းစစ်မှုထမ်းရမည့် အသက်အရွယ်သတ်မှတ်ချက်တို့ကြောင့် မိဘအုပ်ထိန်းသူတို့အနေဖြင့် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် သား/သမီးများကို ပြည်ပထွက်ခွာရန် ဖိအားပေးပြောဆိုနေရသည်ဟု အုပ်ထိန်းသူ မိခင်တစ်ဦးက ဆိုသည်။

    “ အရင်က အမျိုးသမီးတွေ ပညာသွားသင်တာပဲဖြစ်ဖြစ် အလုပ်လုပ်တာပဲဖြစ်ဖြစ် မိဘတွေကသွားခွင့်မပေးဘူး။ အခုကမဟုတ်တော့ဘူး။ မိဘကိုယ်တိုင်က ဦးဆောင်ပြီးတော့ ပြည်ပအဆက်သွယ်ရှာပြီးတော့ ကျွန်မတို့သမီးကိုလည်း ခေါ်သွားပေးပါ ဒီလိုစကားသံတွေကကြားလာနေရတယ်။ အိမ်မှာရှိနေတာထက် ပြည်ပသွားတာက သူတို့အတွက်ပိုပြီးလုံခြုံသွားတယ်လို့ ကျွန်မတို့ခံစားရတယ်။ အိမ်မှာရှိနေလို့ သူတို့လာဆွဲခေါ်သွားရင် ကျွန်မတို့သူ့ကိုအကာအကွယ်ပေး မပေးနိုင်ဘူး ” ဟု ဆိုသည်။

    စစ်မှုထမ်းဥပဒေ ပြန်လည် အသက်သွင်းလိုက်သည့်နှင့် တစ်ပြိုင်နက် လူငယ်များပြည်ပ ထွက်ခွာသည့်နည်းလမ်းအပါဝင် နည်းလမ်းမျိုးစုံနှင့်တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

    တစ်ဖက်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ စစ်မှုထမ်းရန်တိမ်းရှောင်နေသူတို့ကိုထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်ချမှတ်သွားမည်ဟု မေလ၂၀ရက်နေ့အစည်းဝေးတွင်ပြောဆိုခဲ့သည်။

    စစ်မှုထမ်းဥပဒေကြောင့် ရှောင်တိမ်းလိုသည့် မွန်လူငယ် အမျိုးသား အမျိုးသမီးတို့ကို မွန်တော်လှန်ရေးတပ်ဖွဲ့များအနက် မွန်ပြည်နယ်ကို ကိုယ်စားပြုဖွဲ့စည်းထားတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)မှ လက်ခံလျှက်ရှိပြီး အခြားတိုင်းရင်းသားဒေသအသီးသီးမှ ရှောင်တိမ်းလိုသည့် လူငယ်တို့ကိုလည်း လက်ခံနိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks