spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်း“လျးဟံသာ” ၏ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ဝါရင့်မွန်အဆိုတော်များအား ဂုဏ်ပြုသွားမည်ဟု ဆို

    “လျးဟံသာ” ၏ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ဝါရင့်မွန်အဆိုတော်များအား ဂုဏ်ပြုသွားမည်ဟု ဆို

    -

    “လျးဟံသာ” (လရီဟံသာ) မွန်တီးဝိုင်းအဖွဲ့၏ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားကို မော်လမြိုင် မြို့ရှိ ရာမညဟိုတယ်၌ မနက်ဖြန် ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပသွားမည်ဟု သိရသည်။

    မွန်တိုင်းရင်းသားတို့၏ ပထမဦးဆုံး “လျးဟံသာ” တီးဝိုင်းအဖွဲ့တည်ထောင်ခြင်း အနှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားတွင် လက်ရှိ မွန်တေးဂီတလောက ထွန်းကားလာရေးအတွက် ကြိုးပမ်း လာခဲ့သည့် မင်းကျန်ရစ်နှင့်အတူ ၎င်းတို့အဖွဲ့မှ ဝါရင့်မွန်အဆိုတော် ၃၃ ဦးတို့ကို ပူဇော်ဂုဏ်ပြု ခြင်း အစီအစဉ်များလည်း ပြုလုပ်သွားမည်ဟု အခမ်းအနားစီစဉ်သူ နိုင်မွန်စောနွယ်က ပြောပြသည်။

    “ဒီနှစ်က လျးဟံသာ (လရီဟံသာ) တီးဝိုင်းအဖွဲ့ရဲ့ နှစ် ၅၀ ပြည့် ရွှေရတုနှစ်ပေါ့။ ဒါကြောင့် နှစ် ၅၀ ပြည့် ရွှေရတု အခမ်းအနား လုပ်မယ်။ ကျန်ရှိနေသေးတဲ့ အဖွဲ့ဝင်တွေကိုလည်း အသိအမှတ်ပြုတဲ့အနေနဲ့ပေါ့။ မွန်ဂီတအဖွဲ့ပေါင်းစုံကနေလည်း လရီဟံသာ (လျးဟံသာ) အဖွဲ့က နိုင်ကျန်ရစ်နဲ့ ကျန်ရှိနေသေးတဲ့ အဖွဲ့ဝင် ၃၃ ယောက်တွေကို အခမ်းအနားမှာ ပူဇော်ဂုဏ်ပြုတဲ့ အစီအစဉ် ပြုလုပ်သွားမှာပေါ့” ဟု ပြောသည်။

    အဆိုပါ အခမ်းအနားတွင် ဝါရင့်မွန်ဂီတအနုသုခုမပညာရှင်များကို ပူဇော်ဂုဏ်ပြုသည့် အစီအစဉ်အပြင် ဝါရင့်အဆိုတော် မင်းကျန်ရစ် (လျးဟံမန်) ၏ အသက် ၈၀ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဓမ္မရသတေးသီချင်းများ ပါဝင်သော တစ်ကိုယ်တော်တေးစီးရီးကိုလည်း မိတ်ဆက်ဖြန့်ဝေသွားရန် စီစဉ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

    နိုင်မွန်စောနွယ်က “ဓမ္မရသသီချင်းတွေက မွန်လိုဆိုထားတား မရှိသေးတဲ့အတွက် ပရိသတ်တွေက တောင်းဆိုလာကြလို့ မင်းကျန်ရစ် (လျးဟံမန်) က အသက် ၈၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တေးရေးဆရာ (အမ်သဝ်မန်) က ထုတ်လုပ်ပေးပြီးတော့ ဓမ္မရသ တစ်ကိုယ်တော်တေးစီးရီးကို အခမ်းအနားမှာ ဖြန့်ဝေသွားဖို့ရှိတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာနေ ဖခင်နိုင်အောင်ငွေဇင်နှင့် မိခင် ဒေါ်သင်းကြိုင်တို့မှ ၁၉၄၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် မင်းကျန်ရစ်ကို မွေဖွားခဲ့ပြီး သားသမီး ၇ ဦးထဲတွင် ငါးဦးမြောက်ဖြစ်ကြောင်း သိရသည်။

    ၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် လျးဟံသာ (လရီဟံသာ) အမည်ရှိ မွန်တီးဝိုင်းအဖွဲ့ကို မင်းကျန်ရစ် (လျးဟံမန်) ဦးဆောင်စဉ်ကာလအတွင်း အဖွဲ့အလိုက် “လျးဟံသာ” သီချင်းစီးရီခွေ (၉) ခုအထိ ထုတ်လုပ်နိုင်ခဲ့သည့်အပြင် မွန်ဂန္ထဝင်တေးသီချင်းပေါင်းများစွာလည်း သီဆိုခဲ့သူဖြစ်သည်။

    “ရးမည” သီချင်းမူရင်းပိုင်ရှင် မင်းကျန်ရစ်အပါအဝင် “လျးဟံသာ” အဖွဲ့မှ သီးဆိုထုတ်လုပ်ခဲ့သည့် သီချင်းအများစုသည် မျိုးချစ်စိတ်ဓါတ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ နိုင်ငံရေးအသိပညာပေး အကြောင်းအရာများ အခြေခံထားသည့်အတွက် နားထောင်ရသည့် လူငယ်များအား အမျိုးသားရေးတာဝန် ထမ်းဆောင်ချင်သည့်စိတ် တက်ကြွနိုးကြားလာစေကြောင်းလည်း ပရိသတ်များက ထောက်ခံပြောဆိုကြသည်။

    ယခုတစ်ဖန် ဓမ္မရသတေးသီချင်းများ ပါဝင်သော ပထမဦးဆုံး တစ်ကိုယ်တော်တေးစီးရီးကို အကျိုးအမြတ်ရလိုမှုဖြင့် ထုတ်လုပ်ခြင်း မဟုတ်သလို မိမိ၏ အသက် ၈၀ နှစ်ပြည့် အသံကို မွန်ပြည်သူများထံ တွင်ကျန်ရစ်စေရန် မွန်တေးရေးဆရာ (အမ်သဝ်မန်) က စီစဥ်ထုတ်လုပ်ပေးခြင်းဖြစ်သည်ဟု ဝါရင့်မွန်တေးသံရှင် မင်းကျန်ရစ်က ပြောသည်။

    “ဓမ္မရသတေးစီးရီးကို စစီစဉ်ကတည်းက အကျိုးအမြတ်ရချင်လို့ စီစဉ်လာခဲ့တာ မဟုတ်ပါဘူး။ တေးရေးဆရာ (အမ်သဝ်မန်) က ကျနော်ရဲ့အသက် ၈၀ နှစ်ပြည့် အသံကို မွန်ပြည်သူတွေမှာ (အမှတ်တရအနေနဲ့) ကျန်ရှိနေစေဖို့ စီစဉ်ထုတ်လုပ်ပေးခဲ့တာဖြစ်တယ်” ဟု မင်းကျန်ရစ်က ပြောသည်။

    မွန်တိုင်းရင်းသားတို့၏ ပထမဦးဆုံး “လျးဟံသာ”အမည်ရှိ ခေတ်ပေါ်တီးဝိုင်းအဖွဲ့ကို ၁၉၇၄ ခုနှစ်တွင် ဆရာတော်ဘဒ္ဒန္တကေတုမာလာ၊ နိုင်ငွေသိန်း (ခ) ဂျနူမွန်၊ မင်းအဏ္ဏဝါမွန် (မျိုးညွန့်)၊ အိုင်းမွန်၊ မွန်ချမ်း၊ ဇော်လတ် (ဟံသာမာန်)၊ မင်းရွှေကိတ် (ရာမညမိုးဆွေ)၊ ဗညားတလနိုင် တို့နှင့်အတူ မင်းကျန်ရစ် (လျးဟံမန်) တို့က ဦးဆောင်ပြီး စတင်အကောင်အထည်ဖော်ခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts