Thursday, March 12, 2026
More
    spot_img
    Homeသတင်းနှစ်လအတွင်း တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် လေးထောင်ကျော်တိုးလာ

    နှစ်လအတွင်း တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် လေးထောင်ကျော်တိုးလာ

    -

    တနင်္သာရီတိုင်းတွင် ဧပြီလမှ ဇွန်လအထိ နှစ်လအတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ၄၃၀၀ ကျော်တိုးလာကြောင်း FE5 Tanintharyi အဖွဲ့၏ အချက်အလက်များအရ သိရသည်။

    ပြီးခဲ့သည့် ဧပြီတွင် ထုတ်ပြန်ခဲ့သော အဆိုပါအဖွဲ့၏ အချက်အလက်တွင် တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ၅၄၀၀၀ ခန့်ရှိခဲ့ရာမှ ဇွန်လ ၁၂ ရက်နေ့တွင် စစ်ဘေးရှောင် ၅၈၃၀၀ အထိရှိလာကြောင်း တွေ့ရှိရသည်။

    စစ်ဘေးတိမ်ရှောင်ကြရသူများသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲများနှင့် စစ်ကောင်စီ၏ စစ်ကြောင်းများကြောင့်ဖြစ်ကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

    “အခုက ဒီနှစ်ထဲမှာ တိုက်ပွဲတွေပိုဖြစ်လာတာရှိတယ်။ စခန်းတွေလဲသိမ်းတော့ လေကြောင်းကနေ ပစ်ခတ်တာတွေ၊ ရေတပ်ကနေပစ်ကူတာတွေကလည်း ကျွန်တော်တို့ဘက်မှာ ခပ်စိပ်စိပ်ဖြစ်လာတယ်လေ။ နောက်ပြီး ဒီရက်ထဲမှာပဲ စစ်ကြောင်းတွေကလည်းတောက်လျှောက် ကျေးရွာတွေထဲ ပတ်ပြီးထိုးနေတော့ အကုန်ပြေးကြရတာပေါ့။ ဒါပေမယ့် အများစုက ယာယီစစ်ဘေးရှောင်တွေပဲဗျ။ စစ်ကြောင်းက ရွာထဲရောက်လာရင် ခဏရှောင်ကြတယ်။ ပြီးရင် နေရပ်ပြန်နေကြတယ်။ ဒီလိုပဲ ရှောင်နေတဲ့သူက ပိုများတယ်။ တချို့ ရုတ်တရက်ရှောင်ရတဲ့ရွာတွေဆိုရင်တော့ အစားအသောက်ခက်ခဲတာရှိတာပေါ့။ တချို့ကျတော့လည်း အနားကရွာမှာ စစ်ကြောင်းဝင်ပြီဆို ပြင်ဆင်ထားကြတယ်။ ပြင်ဆင်ချိန်ရတော့ သယ်စရာရှိတာသယ်နိုင်ကြတာပေါ့” ဟု ၎င်းက ပြောသည်။

    တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူ၊ ဘုတ်ပြင်း၊ သရက်ချောင်း၊ ထားဝယ်မြို့အရှေ့တောနှင့် ပုလောတကြောတွင် ဇွန်လအတွင်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများရှိနေသည်။

    စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများကြောင့် လမ်းပိတ်ဆို့မှုများရှိနေပြီး ကုန်စည်စီးဆင်းမှုအခက်အခဲများရှိလာကာ ကုန်စျေးနှုန်းမြင့်တက်မှု အခက်အခဲကိုလည်း ရင်ဆိုင်နေကြရသည်။

    စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာအပြင် ဆေးဝါးနှင့် အမိုးအကာများလိုအပ်နေပြီး စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များမှ အဆိုပါပစ္စည်းများသယ်ယူမှုကို စိစစ်ကန့်သတ်ပြီး သယ်ယူခွင့်ပိတ်ထားသည်။

    တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက် ၅၈၃၀၀ ခန့်ရှိသည်ဟု အဖွဲ့အစည်းများက ဖော်ပြနေသော်လည်း အချက်အလက် ရရှိမှုအခက်အခဲကြောင့် မြေပြင်တွင် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks