Thursday, March 12, 2026
More
    spot_img
    Homeသတင်းနေအိမ်ဖယ်ရှားခံရသည့် မုဒုံဒေသခံတို့ နေရာထိုင်ခင်းအခက်အခဲဖြစ်

    နေအိမ်ဖယ်ရှားခံရသည့် မုဒုံဒေသခံတို့ နေရာထိုင်ခင်းအခက်အခဲဖြစ်

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့တွင် လေဆိပ်စီမံကိန်းဧရိယာနှင့် မလွတ်သည့် နေအိမ်တို့ဖယ်ရှားခံရပြီးနောက် ဒေသခံတို့ နေရာထိုင်ခင်းအခက်အခဲဖြစ်နေသည်ဟု သိရသည်။

    လေဆိပ်စီမံကိန်းဧရိယာနှင့် မလွတ်သည့်နေအိမ်တို့ကို မေလ ၂၁ ရက်နေ့မှစ၍ ၂ လအတွင်း ဖယ်ရှားပေးရန် စစ်ကောင်စီလက်အောက်ခံ မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့မှ ပြောဆိုလာခြင်းကြောင့် မိမိတို့နေအိမ်ကို ဖြိုချဖျက်စီးနေရသည်ဟု မုဒုံဒေသခံတစ်ဦးက ဆိုသည်။

    “ပြောင်းတဲ့သူလည်းရှိတယ်၊ မပြောင်းရသေးတဲ့လူတွေလည်းရှိတယ်။ ပြောရရင် ကိုယ်ပဲစိတ်မကောင်းဖြစ်မိတယ်၊ တစ်ချို့က သူတို့ (စကစ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့) လျောပေးထားတဲ့မြေနေရာမှာပဲ တဲထိုးထားတယ်။ တစ်ချို့က ဖြိုချထားပြီးတော့ မိဘ‌အိမ်မှာသွားနေကြတယ်။ မိုးတွင်းဖြစ်နေတော့လေ” ဟု ဆိုသည်။

    မိုးရာသီအတွင်း နေအိမ်တို့ကို ဖြိုချဖျက်စီးကာ ပြောင်းရွှေ့နေရသည့်အပြင် လျော်ကြေးအဖြစ် ပေးဆောင်ထားသည့် မြေနေရာတို့တွင်လည်း ရေမြှုပ်နေခြင်းကြောင့် နေထိုင်၍ မရသေးကြောင်း ဒေသခံက ဆက်ပြောသည်။

    “သူတို့ပေးထားတဲ့မြေနေရာက မြေဖို့ထားပေမယ့် ရေမြှုပ်နေတော့ မြောင်းတူးရတယ်။ ကားနှစ်စီးသုံးစီးနဲ့ မြောင်းတူးနေတာ ရေတွေတော့ကျသွားပြီး။ အဒေါ်တို့အိမ်က မြောင်းပိုက်မရောက်တော့ ထည့်ပေးဖို့ သူ့ကိုပြောရတယ်။ ထည့်ပေးတော့မှ အသက်ရှူချောင်သွားတာ။” ဟု အထက်ပါ မုဒုံဒေသခံက ဆိုသည်။

    လက်ရှိတွင် စီမံကိန်းဧရိယာနှင့် မလွတ်သည်ဟုဆိုကာ ကျိုက်ရွဲရွာကျေးရွာမှ နေအိမ် ၁၃ လုံးနှင့် ညောင်ကုန်းကျေးရွာမှ နေအိမ် ၃ လုံးဖယ်ရှားပေးရမည်ဖြစ်ပြီး တန်ဖိုးကြီးတိုက်အိမ်တို့အပါအဝင် သစ်သားအိမ်တို့လည်း ပါဝင်နေသည်ဟု သိရသည်။

    ဖယ်ရှားခံရသည့် နေအိမ်နှင့် ခြံတို့အတွက် ငွေလျော်ကြေးအပြင် ကျိုက်ရွဲကျေးရွာနှင့်ညောင်ကုန်းကျေးရွာ အစပ်တွင် ပေ ၄၀/၆၀ အရွယ်ရှိ အစားထိုးမြေကွက်တို့ကိုလည်း အကွက်ချကာ လျော်ကြေးအဖြစ်ပေးဆောင်ထားသည်ဟု သိရသည်။

    သို့သော် အစားထိုးပေးထားသည့် မြေနေရာတို့သည် ပိုင်ဆိုင်မှုအထောက်အထားဖြစ်သည့် ပုံစံ ၇ ဂရမ် မရှိနေသည့်အပြင် စားကျက်မြေနေရာဖြစ်နေခြင်းကြောင့် ပြန်လည်အသိမ်းခံရမည်ကို ဒေသခံတို့က စိုးရိမ်လျှက်ရှိသည်။

    လေဆိပ်စီမံကိန်းဧရိယာနှင့် မလွတ်သည့်နေအိမ်တို့ကို ဖယ်ရှားခိုင်းသော်လည်း စီမံကိန်းနှင့်ပတ်သတ်၍ သိသိသာသာ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း မရှိကြောင်း ဒေသခံတို့က ဆိုသည်။

    မွန်ပြည်နယ်တွင် နိုင်ငံတကာအဆင့်မှီ ဆိပ်ကမ်းနှင့် လေယာဉ်ကွင်းအတွက် အဆိုပြုဧရိယာအဖြစ် မြေဧက ၄၆၀၀ ကျော်လျာထားပြီး မုဒုံမြို့နယ် ကော့ပရံကျေးရွာအနီးတွင် လေယာဉ်ကွင်းသစ်စီမံကိန်းနေရာအဖြစ်သတ်မှတ်ထားပြီး ဘလောက်ညောင်ဝိုင်းနှင့် ဝဲကလိကျေးရွာအကြားတွင် ဆိပ်ကမ်းစီမံကိန်းအတွက် မြေနေရာသတ်မှတ်ထားကြောင်း သိရသည်။

    ပုံ/ မုဒုံဒေသခံတို့ကို မြေနေရာလျော်ကြေးပေးဆောင်နေစဉ်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks