Thursday, March 12, 2026
More
    spot_img
    Homeသတင်းအရပ်သားပြည်သူတို့ အခြေချနေထိုင်ရာနေရာတွင် စစ်ပွဲဆင်နွှဲခြင်း ရှောင်ရှားရန် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ လက်နက်ကိုင်အဖွဲ့အသီးသီးတို့ထံတောင်းဆို

    အရပ်သားပြည်သူတို့ အခြေချနေထိုင်ရာနေရာတွင် စစ်ပွဲဆင်နွှဲခြင်း ရှောင်ရှားရန် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ လက်နက်ကိုင်အဖွဲ့အသီးသီးတို့ထံတောင်းဆို

    -

    အရပ်သားပြည်သူတို့ အခြေချနေထိုင်နေသည့် မွန်ဒေသအတွင်း စစ်မျက်နှာပြင်အဖြစ်ရွေးချယ်ကာ တိုက်ပွဲဆင်နွှဲခြင်းကို ရှောင်ရှားရန် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ လက်နက်ကိုင်အဖွဲ့အသီးသီးထံ သတင်းထုတ်ပြန်ကာ တောင်းဆိုခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့တွင် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ဂျိုင်းမြစ်ဒေသခံပြင် အခြားဆက်စပ်သည့် ဒေသခံတို့နှင့်အတူ စစ်ဘေးရှောင်ကူညီရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို မော်လမြိုင်မြို့ သာသနာ့ ၂၅၀၀ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အထက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    ထုတ်ပြန်ချက်အရ အကြမ်းဖက်မှု၊ တရားမဲ့ အကြမ်းဖက် သတ်ဖြတ်နေမှုအပြင် စစ်ဘေးရှောင်တို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စတို့ကို ဝိုင်းဝန်းဆောင်ရွက်နေသူတို့အား ခြိမ်းခြောက်နေမှုများကို မပြုလုပ်ရန်နှင့် ခိုးဆိုး လုနှိုက်မှုများ ကျူးလွန်နေခြင်းကို အရေးယူရန်လည်း ရေးသားဖော်ပြထားသည်။

    "ဒီအချက်တွေကို ပုဂ္ဂိုလ်ရေးအရအရော အဖွဲ့အစည်းအရရော ဘယ်သူ့ကိုမှ မဆိုလိုဘူး၊ ကိုယ်လုပ်ထားရင် ကိုယ်သိမယ် ၊ ခြိမ်းခြောက်နေတာတွေလည်း ကိုယ်လုပ်ထားရင် ကိုယ်သိမှာပဲ၊ အဲဒါတွေကို ပြည်သူတွေရဲ့မျက်နှာကြည့်ပြီးတော့ နောက်နောင်မဖြစ်ဖို့ကို ပြောချင်တာပါ"ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်ထူးက ဆိုသည်။

    ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မွန်ဒေသအတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ မွန်ကျေးရွာပေါင်း ၂ဝ ကျော် စစ်ဘေးဒဏ် အပြင်းအထန်ခံခဲ့ရသည်ဟု ဆိုသည်။

    လက်နက်ကိုင် တိုက်ပွဲအရှိန်ကြောင့် နေအိမ်ပေါင်း ၄၁၆ လုံး မီးလောင်ပြာကျခဲ့ပြီး၊ စစ်မျက်နှာပြင်နှင့်နီးသည့်  မွန်ရွာ ၁၁ ရွာမှ ဒေသခံ ၅ သောင်းကျော် စစ်ဘေးဒဏ်သင့်ခဲ့ရသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့၏ ထုတ်ပြန်စာအရ သိရသည်။

    ၎င်းအပြင် ထုတ်ပြန်စာအရ တိုက်တွန်း တောင်းဆိုထားသည့်အချက်အလက်တို့သည် ဒေသခံတို့၏သဘောဆန္ဒကို အခြေခံကာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းတို့မှ ကျူးလွန်ထားသည်ဟု ရေးသားဖော်ပြထားခြင်း မရှိပေ။

    "အဓိက ဒီပြဿနာရဲ့အရင်းမြစ်က ဗမာစစ်တပ်တွေပဲ၊ နေအိမ်မီးလောင်သွားရတာတို့၊ ဒေသခံတွေကို တရားမဲ့ပစ်သတ်ခံရပြီး ဆိုင်ကယ်တွေ အခိုးခံနေရတာတွေက  ဗမာစစ်တပ်(စကစ) တွေ လုပ်နေတာ၊ ပြီးတော့ သူတို့က စစ်တပ်တွေလေ ကျေးရွာအတွင်းနေနေတာ၊ ရွာအတွင်းမှီခိုနေတာတွေ ဒီအကျိုးအကြောင်းတွေကိုလည်း ရွာခံတွေက ပိုနားလည်မယ်လို့ ထင်တယ်" ဟု မွန်ပြည်သစ်ပါတီ( AD ) မှ နိုင်ဗညာမွန်က ဆိုသည်။

    လက်နက်ကြီးကြောင့် နေအိမ်မီးလောင်ခံထားရသည့် ဓမ္မသဒေသခံတို့မှလွဲ၍ စစ်ဘေးရှောင်တို့ အသင့်အတင့် နေရပ်သို့ပြန်လည်းရောက်ရှိလာပြီး ကျေးရွာအတွင်းစာသင်ကျောင်းတို့ကို ဖွင့်လှစ်ထားနိုင်သော်လည်း နေရာယူထားသည့် စစ်ကောင်စီတပ်တို့ နေရာမှ မဖယ်ရှားသေးကြောင်း သိရသည်။

    ဓမ္မသရွာတွင် နေအိမ်ပေါင်း ၁၀၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပြစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့တွင် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး အနည်းငယ် လောင်ကျွမ်းခဲ့သည့်နေအိမ် ၆၀ ကျော်ရှိနေသည်ဟု သိရသည်။

    " နေရပ်ပြန်သွားတဲ့ သူတွေက ပုံစံကျကျနဲ့ ပြန်သွားကြတာလည်းမဟုတ်ဘူး၊ နေအိမ်တစ်အိမ်မှာ လူ သုံးလေးယောက်လောက် ရှိနေတယ်ဆိုရင် အိမ်ကို လာကြည့်တာ လာစောင့်တဲ့ပုံစံနဲ့ ၂ ယောက်လောက်ပဲပြန်ကြတယ်၊ နောက်ပြီး ကျောင်းလာပြန်နေတဲ့အိမ်တွေဆိုလည်း အဘွားနဲ့မြေတစ်ယောက် အဲလိုပုံစံပေါ့၊ အတည်တကျပြန်လာတာပြီး အလုပ်အကိုင်အတည်တကျလုပ်သွားမဲ့ ပုံစံတော့မရှိသေးဘူး၊ နောက်ပြီး. ဗမာစစ်တပ်တွေက ရွာထဲမှာပဲရှိနေတော့ အေးအေးချမ်းချမ်းနေဖို့က စိုးရိမ်နေရတယ်" ဟု ဓမ္မသရွာခံတစ်ဦးက ဆိုသည်။

    စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွင် မွန်သင်္ဃာတော်၊ မွန်ပြည်သစ်ပါတီ  NMSP၊ မွန်ပြည်သစ်ပါတီ MUP ၊ မွန်တိုးတက်ရေးပါတီ MP နှင့် စစ်ကောင်စီ ခွင့်ပြုချက်ရရှိထားသည့် မွန်လူမှုအဖွဲ့အစည်းတို့ဖြင့်ဖွဲ့စည်းထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks