spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းစစ်တပ်စစ်ကြောင်းထိုးနေမှုကြောင့် သရက်ချောင်းမြို့နယ်တွင် စစ်ရှောင်ပိုများလာ

    စစ်တပ်စစ်ကြောင်းထိုးနေမှုကြောင့် သရက်ချောင်းမြို့နယ်တွင် စစ်ရှောင်ပိုများလာ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လှည့်ပတ်စစ်ကြောင်းထိုးနေသောကြောင့် စစ်ဘေးရှောင်အရေအတွက် ပိုများလာကြောင်း စစ်ရှောင်အရေးကူညီနေသူတို့ထံမှ သိရသည်။

    ကျေးရွာကြီးများအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်နေသောကြောင့် ဒေသခံများ ရပ်ရွာအတွင်း မနေရဲကြဘဲ နေရပ်စွန့်ခွာနေကြရခြင်းဖြစ်သည်။

    စစ်ကောင်စီ စစ်ကြောင်းများ ကျေးရွာအတွင်း ဝင်ရောက်စဉ် ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်း ပြုလုပ်နေသည့်အတွက် နေရပ်စွန့်ခွာသူ ပိုများလာရခြင်းဖြစ်ကြောင်း စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

    “အင်အား ၇၀ ကနေ ၁၀၀ ဝန်းကျင်လောက်ပါတယ်ဗျ။ ရွာတွေကိုပဲ တမင်ပတ်ပြီးဝင်နေတာတွေ့ရပါတယ်။ ဘာဖြစ်လို့လဲတော့မသိဘူး။ ဖြစ်နိုင်တာကတော့ PDF တွေကို ဝင်ရှာတာဖြစ်နိုင်တယ်။ ဒီနားက စခန်း အတိုက်ခံရပြီးကတည်းက အဲဒီစစ်ကြောင်း ရောက်လာတာ။ ပဲဒက်အောက်ဘက်က ရွာတွေပေါ့။ အဲဒီမှာ အိမ်ခြေအများဆုံးလို့ပြောလို့ရတယ်။ ရွာကြီးပေါ့ ကနက်သီရိခေါ်တယ်။ အဲဒီရွာဆိုလဲ အကုန်ပြေးကြရတာပဲ” ဟု ၎င်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    စစ်ကောင်စီ စစ်ကြောင်းသည် ကနက်သီရိ၊ ကတွဲ၊ ရငဲ၊ သရက်တောင်ကြီးနှင့် ကျွဲမင်းကုန်းရွာများအပြင် အနီးနားရှိ ကျေးရွာများလည်း စစ်ကြောင်းထိုးနေသည်ဟု ဆိုသည်။

    အဆိုပါ ကျေးရွာများ၏ အထက်ဘက်တွင် မြိတ်-ထားဝယ်ကားလမ်းအတွက် အရေးပါသည့် ပဲဒက်စခန်းရှိပြီး အဆိုပါ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မေလ ၈ ရက်နေ့က သိမ်းပိုက်ခဲ့သည်။

    သို့သော် ပဲဒက်စခန်းကို စစ်ကောင်စီမှ ကြည်း၊ ရေ၊ လေ ပစ်ကူများဖြင့် မေလကုန်ပိုင်းတွင် ပြန်လည်အထိုင်ချလာပြီးနောက် စခန်းအနီးနားတဝိုက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်။

    စစ်ကြောင်းဝင်ရောက်စဉ်အတွင်း ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ၈ ဦးအထိ သေဆုံးခဲ့သည်လည်း ရှိခဲ့သည်။

    “ဘာတွေလိုအပ်လဲဆိုရင် ရာသီဥတုက မိုးရာသီဆိုတော့ အမိုးအကာတွေ၊ စောင်တွေ၊ ရိက္ခာတွေပေါ့။ ကလေးတွေလဲပါတော့ ခြင်အန္တရာယ်၊ တုပ်ကွေးအန္တရာယ်တော့ စိုးရိမ်ရတာပေါ့။ လူတွေကိုပါ ဒုက္ခပေးနေတော့ ဘယ်သူမှ မပြန်ရကြဘူး။ စွန့်စားပြီး အိမ်ကိုပစ္စည်းပြန်ယူတဲ့လူလောက်တော့ရှိပေမယ့် အိမ်မှာပြန်နေတဲ့လူက နည်းပါတယ်” ဟု အထက်ပါ စစ်ရှောင်အရေးကူညီနေသူ ပြောသည်။

    စစ်ရှောင်စခန်း သတ်သတ်မှတ်မှတ်မရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသူများသည် နီးစပ်ရာ တောတောင်တို့တွင် နေနေကြရကြောင်း စစ်ရှောင်အရေအတွက် ထောင်ချီ ရှိသည်ဟု ဆိုသည်။

    ပြီးခဲ့သည့် မေလအတွင်းက ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်များသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခြင်းနှင့် ရက်ရှည်တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန်ခွာထွက်ပြေးရသူ ပိုများလာခဲ့သည်။

    ဧပြီလတစ်လအတွင်း ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များတွင် နေအိမ်မီးရှို့ခံရမှုနှင့် ရက်ရှည်တိုက်ပွဲများ စစ်ကြောင်းထိုးမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၃၀၀၀၀ ကျော်ရှိသည်ဟု FE5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားချက်အရ သိရသည်။

    တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်အများစုသည် ကိန်းသေမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ အရေအတွက် အပြောင်းအလဲ အမြဲရှိနေကြောင်းလည်း အဆိုပါအဖွဲ့မှ ဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts