spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုနှင့် သထုံတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး ဒဏ်ရာရပြီး သာသနာ့အဆောက်အဦးနှင့် နေအိမ်များ ပျက်စီး

    ကျိုက်ထိုနှင့် သထုံတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး ဒဏ်ရာရပြီး သာသနာ့အဆောက်အဦးနှင့် နေအိမ်များ ပျက်စီး

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဇွန်လပထမပတ်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး သာသနာ့အဆောက်အဦးနှင့် နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

    ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ အမြှောက်တပ် ၃၁၀ တပ်ရင်းနှင့် ခမရ-၂၀၇ တပ်ရင်း တပ်စခန်းတို့မှ ဇွန်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    ၎င်းတပ်စခန်းတို့မှ ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံးသည် ခရွဲကျေးရွာအုပ်စု၊ မုက္ခမော့ကျေးရွာ၊ မယ်တော်ကြီးကုန်းအနီး ကျရောက်ပေါက်ကွဲပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    ဇွန်လ ၂ ရက်နှင့် ၄ ရက်နေ့တို့တွင်လည်း စစ်ကောင်စီ အမတ ၃၁၀ တပ်ရင်းနှင့် ခမရ ၂၀၇ တပ်ရင်း တပ်စခန်းတို့မှ လက်နက်ကြီး အလုံး ၄၀ ထက်မနည်း ပစ်ခတ်ခဲ့မှုကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားခဲ့သေးသည်။

    စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ခရွဲကျေးရွာအုပ်စုရှိ သုံးခွရွာ၊ မုက္ခမော့ရွာနှင့် စစ်ကွင်းရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရကြသည်။

    အလားတူ သထုံမြို့နယ်တွင်လည်း စစ်ကောင်စီ အမတ ၃၁၄ တပ်ရင်းနှင့် ခရမ ၉ တပ်ရင်း တပ်စခန်းတို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွှေရောင်ပြကျေးရွာအုပ်စုရှိ ရွှေရောင်ပြရွာတွင် နေအိမ် ၁၀ လုံးနှင့် ချောင်းစောက်ကျေးရွာအုပ်စုရှိ ရေဝေကျေးရွာ ဘုန်းကြီးကျောင်းဆောင် ၂ လုံး ကျည်ထိမှန် ပျက်စီးသွားခဲ့သည်။

    ၎င်းပြင် စစ်ကောင်စီတပ်မှ ဂျက်(ဖိုက်တာ)လေယာဥ်ဖြင့် တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်းလည်း KNU က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts