မော်လမြိုင်-ရန်ကုန် ရထားလက်မှတ် မှောင်ခိုဈေးကွက်တွင်ကျယ်လာပြီး လက်မှတ်များ နှစ်ဆကျော်ထိ ပေးဝယ်နေရကြောင်း ရထားဖြင့် ခရီးသွားနေသူတို့ထံမှ သိရသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားနှင့် မစောတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ရထားဖြင့် ခရီးသွားလာသူများလာသည်နှင့် မီးရထားလက်မှတ် မှောင်ခိုစျေးကွက်လည်း တွင်ကျယ်လာခဲ့သည်။
“ရထားလက်မှတ်ရောင်းတဲ့နေရာကို ကိုယ်တိုင်သွားရင် ကုန်ပြီးလို့ပြောလိမ့်မယ်။ ဒါပေမယ့် ရထားဝန်ထမ်းတွေကို သွားမေးရင်တော့ လက်မှတ်တွေကို မှောင်ခိုဈေးနှုန်းနဲ့ ရောင်းပေးနေတာမျိုးရှိနေတယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
မော်လမြိုင်-ရန်ကုန် လေအိတ်ရထား အထက်တန်းလက်မှတ် တစ်စောင်လျှင် ၁၁၀၀၀ ကျပ်၊ ရိုးရိုးတန်းလက်မှတ် တစ်စောင်လျှင် ၆၀၀၀ ကျပ်ဖြင့် သတ်မှတ်ထားသော်လည်း မှောင်ခိုဈေးကွက်တွင် လေအိတ်ရထား အထက်တန်းလက်မှတ် တစ်စောင် ၂၀၀၀၀ ကျပ်၊ ရိုးရိုးတန်းလက်မှတ် တစ်စောင် ၇၅၀၀ ကျပ်အထိ ပေးဝယ်နေကြရသည်။
ထို့အတူ မော်လမြိုင်-ရန်ကုန် ရိုးရိုးရထား အထက်တန်းလက်မှတ်လည်း တစ်စောင် ၁၀၀၀၀ ကျပ်၊ ရိုးရိုးတန်းလက်မှတ် တစ်စောင် ၅၀၀၀ ကျပ် သတ်မှတ်ထားသော်လည်း ခရီးသွားပြည်သူများ ဈေးနှုန်း နှစ်ဆကျော်ဖြင့် မှောင်ခိုစျေးကွက်တွက် ဝယ်ယူနေရကြောင်း ခရီးသွားပြည်သူတို့ထံမှ သိရသည်။
၎င်းပြင် ကြားဘူတာလက်မှတ် ဈေးနှုန်းများလည်း နှစ်ဆကျော်ပေးဝယ်နေရကြောင်း ခရီးသွားပြည်သူတို့က ပြောသည်။
ရထားလက်မှတ်များကို မှောင်ခိုဈေးနှုန်းဖြင့် ရောင်းချရန်အတွက် လက်မှတ်အရောင်းဝန်ထမ်းများက ရုံးပိုင်နှင့် ပေါင်းကာ အများပြည်သူကို ရောင်းချရမည့် လက်မှတ်ခွဲတမ်းကို မရောင်းချဘဲ ချန်ထားတတ်ကြောင်းလည်း ခရီးသွားပြည်သူများက ဆိုသည်။
မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်များ မှောင်ခိုရောင်းချမှုများရှိသော်လည်း သက်ဆိုင်ရာက ရထားဝန်ထမ်းများအား စစ်ဆေးအရေးယူမှု တစုံတရာမရှိသေးကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။

