Monday, March 16, 2026
More
    spot_img
    Homeသတင်းမြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးဖို့ စစ်ကောင်စီ ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၂၅ ခုတို့က တောင်းဆို

    မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးဖို့ စစ်ကောင်စီ ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၂၅ ခုတို့က တောင်းဆို

    -

    မြန်မာအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် စစ် ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် (UEC) ခွင့်ပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ မွန်တိုးတက်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၅ ခုတို့က မေလ ၂၈ ရက်စွဲဖြင့် ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်ပြီး တောင်းဆိုခဲ့ကြသည်။

    နိုင်ငံတကာ၏ အရေးယူ ပိတ်ဆို့မှုများသည် စစ်ကောင်စီကို ဦးတည်ထားသော်လည်း ပကတိအခြေအနေမှာ ပြည်သူတစ်ရပ်လုံးအပေါ် ထိခိုက်နစ်နာစေပြီး ဒုက္ခသံသရာအတွင်းသို့ အဓမ္မတွန်းပို့နေသည့်လုပ်ရပ်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

    မြန်မာစစ်တပ်အာဏာသိမ်းပြီးသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို ပိတ်ပင်ခြင်း၊ စစ်ကောင်စီနှင့် ထောက်ပံ့ဆက်သွယ်မှုများ ဖြတ်တောက်ခြင်း၊ ငွေလွှဲပြောင်းမှုများ အား တားမြစ်ပိတ်ပင်ခြင်း၊ ကုန်ပစ္စည်းတင်ပို့မှုများ ကန့်သတ်တားမြစ်ခြင်း၊ ခရီးသွားလာခွင့်များ ပိတ်ပင်ခြင်းစသည့် ပိတ်ဆို့မှုများ ပါဝင်နေကြောင်း ဖော်ပြထားသည်။

    အဆိုပါ လုပ်ရပ်များသည် စစ်ကောင်စီက ချမှတ်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဥ် (၅) ရပ်ကို နှောင့်နှေးရပ်တန့်စေပြီး ရွေးကောက်ပွဲကျင်းပရေး အခင်းအကျင်းကိုလည်း ပျက်စီးစေသည်ဟု ဆိုသည်။

    ထို့ကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှု (Sanctions) များအား ပြန်လည်ရုပ်သိမ်းပေးကြရန်နှင့် အရေးယူပိတ်ဆို့သည့်လုပ်ရပ်များကိုလည်း ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံရေးပါတီ ၂၅ ခုတို့က ထုတ်ပြန်ပြောဆိုခဲ့သည်။

    အာဏာသိမ်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်နေသူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအပါအဝင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့် မိသားစုဝင်များ၊ အခြားစစ်တပ်အရာရှိ တို့၏ လုပ်ငန်းများကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါအပါအဝင် အနောက်နိုင်ငံတို့က ပိတ်ဆို့ အရေးယူထားသည်ဟု သိရသည်။

    ပုံစာ – စစ်ကောင်စီ ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၂၅ ခုတို့၏ တွေ့ဆုံပွဲကို မေလ ၂၈ ရက်နေ့က ကျင်းပစဥ် (USDP)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks