မွန်ပြည်နယ်အတွင်း ရေကြီးရေးလျှံခြင်း၊ မြေပြိုခြင်းကို နှစ်စဉ် ကြုံတွေ့နေရပြီး ယခုနှစ်တွင်လည်း အဆိုပါ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးဂရုပြုရန်လိုအပ်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတို့က ပြောသည်။
ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိသည့် ဒေသရှိ ပြည်သူလူထုများအနေဖြင့် အထူးဂရုပြုရန် လိုအပ်ကြောင်းနှင့် မိုးကြိုးအန္တရာယ်၊ မုန်တိုင်းအန္တရာယ်နှင့် ယာဉ်မတော်တဆမှုများလည်း သတိထားကြရန် မော်လမြိုင်မြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဓိကကတော့ မော်လမြိုင်၊ ဘီးလင်း၊ ကျိုက်ထိုနဲ့ ကျိုက်မရောပေါ့၊ အဲဒေသတွေက ရေကြီးရေလျှံမှု ဖြစ်တဲ့ဒေသတွေဖြစ်တယ်။ တောင်ပြိုမှုအပိုင်းကတော့ ပေါင်နဲ့ ချောင်းဆုံမြို့က မိုးရေချိန်လက်မ များရင် တောင်ပြိုတာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်လာနေခဲ့သော်လည်း ကာကွယ်ထိန်းသိမ်းနိုင်သည့်အနေအထား မရှိသေးဘူးလို့လည်း ဆိုသည်။
“နှစ်စဉ်ကတော့ သက်ဆိုင်ရာ အုပ်ကြီးတွေကတော့ မိုးတွင်းမတိုင်ခင်က စည်ပင်ရော၊ သက်ဆိုင်ရာအုပ်ကြီးကရော ရေမြောင်းတွေ လိုက်တူးဖော်နေတာတော့ ရှိတယ်ပေါ့။ ဒါပေမဲ့လည်း မိုးရေချိန်လက်မ များရင်တော့ နှစ်စဉ် ရေကြီး၊ ရေလျှံမှုက ဖြစ်မှာပဲ။ ဒါကတော့ ကျနော်တို့ မြောင်းတော့ ဘယ်လောက်ပဲလုပ်လုပ် မိုးရေချိန်လက်မများရင် မထိန်းနိုင်ဘူးဗျာ” ဟု အထက်ပါ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့်နှစ်ကလည်း မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရော၊ ပေါင်နှင့် ရေးမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်အပြင် ချောင်းဆုံမြို့နယ်တွင်လည်း မြေပြိုမှုဖြစ်ပွားခဲ့သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် မုတ်သုံပြောင်းလဲမှုဖြစ်ပေါ်လာကာ မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာပြီး အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မြစ်ရေပြည့်ကာ ရေလွှမ်းမိုးသည့်အပြင် တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေး အဖွဲ့အစည်းများရဲ့ သုံးသပ်ချက်အရ သိရသည်။
မွန်ပြည်နယ်တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
