ထိုင်း- မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် ယခုမေလအတွင်း တရုတ်နိုင်ငံသားတို့ဝင်ရောက်မှု သိသိသာသာများနေပြီး နေအိမ်၊အဆောင်နှင့် တိုက်ခန်းတို့တွင် အများအပြား ငှားရမ်းနေထိုင်နေကြသည်ဟု ဘုရားသုံးဆူမြို့ခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့်မေလဆန်းပိုင်းတွင် မြဝတီမြို့နယ်ရှိ လောင်းကစားလုပ်ငန်းအားလုံး ထွက်ခွာကြရန် ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းများက သတိပေးလာပြီးနောက် ဘုရားသုံးဆူဘက်တွင် တရုတ်နိုင်ငံသားများ ဝင်ထွက်သွားလာမှု သိသိသာသာတိုးလာသည်ဟု သိရသည်။
“တရုတ်တွေကများလာနေတယ်၊ ဝင်လိုက်ထွက်လိုက်ပါပဲ ဘုရားသုံးဆူဘက်အခြေအနေမကောင်းရင် သူတို့ပြန်သွားတယ်၊ အခုနောက်ပိုင်းသူတို့လာတာက ပစ္စည်းတွေသယ်လာပြီး လောင်းကစားပုံးတွေ သေတ္တာတွေ ပြန်ရောင်းတယ်၊ လောင်းကစားဝိုင်းဘက်ဆို နေအိမ်၊အဆောင်တွေလည်းမလွတ်တော့ဘူး၊ ဈေးဆိုလည်း ဘတ် ၅ထောင်၊ ၁သောင်းအကြားပေးရတယ် ” ဟု ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။
တရုတ်နိုင်ငံသားတို့သည် လက်ရှိထိုင်းနိုင်ငံမှတစ်ဆင့် ပတ်စပို့ဖြင့် ထိုင်း- မြန်မာနယ်စပ်ဘုရားသုံးဆူမြို့သို့ ဝင်ရောက်လာကြပြီး အချို့တွင်မော်လမြိုင်- ဘုရားသုံးဆူလမ်းမှတစ်ဆင့် ဝင်ရောက်လာသည်ဟု သိရသည်။
ထိုင်းနယ်စပ်တွင် ငွေလိမ်လောင်းကစားလုပ်ငန်းဖွင့်လှစ်ခြင်းကို ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးမှု လုပ်ဆောင်နေသည့်အတွက် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တို့ ထိန်းချူပ်မှုများသည့် ဘုရားသုံးဆူဘက်တွင် ဦးတည်လာကြသည်ဟု ဘုရားသုံးဆူဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“အိမ်ဌားပြီး ရပ်ကွက်တွေမှာပဲဖွင့်ထားတာကကြာပါပြီး၊ ဝိုင်းဖွင့်ထားတာ အရင်က ၇၀၀ လုံး လောက်ရှိနေတာ အခု ထောင်နီးပါး ရှိနေပြီး အခုနောက်ပိုင်းက သတ်မှတ်နယ်မြေဆိုပြီး ကျောင်းဂိတ်တန်း ကနေစပြီးအများကြီးပဲ လက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်ထားတဲ့နေရာမှဖွင့်ထားတယ် ” ဟု ဆိုသည်။
မေလအတွင်း တရုတ်နိုင်ငံသားတို့မှ တိုးမြှင့်ဖွင့်လှစ်ထားသည့် ငွေလိမ်လောင်းကစားဝိုင်းတို့တွင် ထိုင်းနိုင်ငံသားတို့အပြင် လက်လုပ်လက်စား လူတန်းစားတို့လည်း အများအပြား သွားရောက်လေ့ရှိသည်ဟု မြို့ခံတို့ကပြောသည်။
ဘုရားသုံးဆူမြို့အတွင်း တရုတ်နိုင်ငံသားတို့ ဝင်ရောက်ရာတွင် ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တို့ဖြစ်သည့် KNU /KNLA-PC၊ DKBA နှင့် BGF တပ်ဖွဲ့တို့မှ တာဝန်ယူကာ နေရာချထားမှု ဆောင်ရွက်နေသည့် ပြောဆိုမှုနှင့်ပတ်သတ်၍ အဖွဲ့တာဝန်ရှိသူတို့အား IMNA မှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင် ကရင်ပြည်နယ် မြဝတီခရိုင်ရှိ အွန်းလိုင်းလုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ငံသားများအားလုံး ၆ လအတွင်းထွက်ခွာရန် ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သည့် BGF နယ်ခြားစောင့်တပ်မှ အသိပေးစာထုတ်ပြန်ထားကြောင်းသိရသည်။
