Homeသတင်းပဲဒက်စခန်းတွင် စစ်ကောင်စီ တပ်ပြန်စွဲနေဟုဆို

ပဲဒက်စခန်းတွင် စစ်ကောင်စီ တပ်ပြန်စွဲနေဟုဆို

-

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်လမ်းပိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာက တော်လှန်ရေးတပ်ဖွဲ့တို့ သိမ်းပိုက်ခဲ့သည့်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့များ ပြန်လည်အထိုင်ချတပ်စွဲနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

သရက်ချောင်းနှင့် ပုလောမြိုနယ်ကြားရှိ စစ်ကောင်စီအင်အား ၃၀ ကျော်အထိုင်ချထားသည့် စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က မေလ ၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ခန့်ကိုလည်း အရှင်ဖမ်းမိခဲ့သည်။

အဆိုပါ ပဲဒက်စခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီက ကြည်း၊ ရေ၊ လေကြောင်း အင်အားသုံး ထိုးစစ်ခဲ့ပြီးနောက် မေလ တတိယအပတ်ခန့်တွင် အင်အား ၃၀ ခန့်ဖြင့် ပြန်လည်တပ်စွဲလာခြင်းဖြစ်သည်။

“ပဲဒက်စခန်းက ကျွန်တော်တို့အားလုံးတော့ဖျက်ဆီးခဲ့ပါတယ်။ အခုသူတို့က ပြန်ဆောက်ပြီးနေနေကြတယ်ပေါ့။ အင်အား ၃၀ လောက်ရှိမယ်ဗျ။ တပ်ပြန်စွဲလိုက်ပြီ ပဲဒက်အောက်ဘက်ရွာတွေကိုတော့ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုက နယ်မြေရှင်းလင်းရေးလုပ်နေတယ်။ အဓိကကတော့ ဒီစခန်းက မြိတ်-ထားဝယ်ကားလမ်းအတွက် အရေးပါတဲ့စခန်းဖြစ်တော့ ကျွန်တော်တို့ဘက်က စိုးမိုးတာကို လက်မခံနိုင်တာလဲပါတာပေါ့ဗျာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မေလ ၁၃ ရက်နေ့ခန့်မှစတင်ကာ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ကျောက်ခမကမ်းခြေမှတဆင့် ကနက်သီရိကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

စစ်ကြောင်းမဝင်ရောက်ခင် စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့စဉ်နီးပါး ပဲဒက်အောက်ပိုင်းရှိ ကျေးရွာများကို လာရောက်တိုက်ခိုက်ခဲ့ပြီး ပင်လယ်ဘက်ရှိ စစ်သင်္ဘောများမှလည်း လက်နက်ကြီးများပစ်ကူခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် အဆိုပါဒေသအတွင်း ရွာကြီးဖြစ်သည့် ကနက်သီရိရွာမှ ဒေသခံနေအိမ် အများအပြားပျက်စီးခဲ့ရသလို လူငယ်များအပါအဝင် ဒေသခံ ၆ ဦးသေဆုံးခဲ့ရသည်။

“သူက ပဲဒက်မှာအထိုင်ချပြီးတော့ အဲဒီအောက်ဘက်ကရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်တာပေါ့။ PDF တွေရှိလောက်မယ့်ရွာတွေကို လိုက်ပြီးဖျက်စီးတဲ့သဘောပဲ အဲဒီမှာ လမ်းမှာ ရွာသားတွေ တွေ့ရင် ပစ်သတ်တယ်။ သူတို့မှာ လမ်းပြတွေပါတော့ တော်လှန်ရေးကို ထောက်ခံတယ်လို့ နာမည်ကြီးတဲ့လူတွေရဲ့ နေအိမ်တွေကို သက်သက်မီးရှို့တာတွေရှိတယ် အခုသူတို့ သရက်ချောင်းကြီးရွာကို မနေ့က ရောက်တယ် အိမ်တွေမီးရှို့တာ တွေ့ရတယ် နှစ်ဆောင် သုံးဆောင်လောက်ပေါ့ စစ်တပ်ဝင်လာထဲက လူတွေက မရှိတော့ဘူး သူတို့ကပစ်သတ်တာတွေလည်းကြားနေကြရတော့ သူတို့လာတာနဲ့ ရှောင်ကြရတာပေါ့” ဟု ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် ပထမ ၅ လတာအတွင်း တနင်္သာရီတိုင်းအတွင်းရှိ စစ်ကောင်စီစခန်း ၉ ခုခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး စခန်း ၃ ခုခန့်ကို ပြန်လည် လက်လွှတ်ထားရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts