spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းသရက်ချောင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၈ ဦးထက်မနည်းသေဆုံး

    သရက်ချောင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၈ ဦးထက်မနည်းသေဆုံး

    -

    တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ မြေပြင်စစ်ကြောင်းထိုးနေသလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၀ ရက်အတွင်း ဒေသခံ ၈ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

    မြိတ်-ထားဝယ်လမ်းရှိ စစ်ကောင်စီ ပဲဒက်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မေလ ၈ ရက်နေ့နောက်ပိုင်း စစ်ကောင်စီမှ အဆိုပါ စခန်းအား ပြန်လည်ရရှိရေး ကြည်း၊ ရေ၊ လေကြောင်းသုံးကာ ပြင်းပြင်းထန်ထန်စစ်ကြောင်းထိုးနေသည်။

    အင်အား ၁၀၀ နီးပါးခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် မေလ ၁၃ ရက်နေ့ဝန်းကျင်က ကျောက်ခမကမ်းခြေမှ ကနက်သီရိရွာဘက်သို့ ရေတတန် ကုန်းတတန်၊ လက်နက်အပြည့်အစုံဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။

    စစ်ကြောင်းထိုးဝင်ရောက်စဉ် ထားဝယ်မြစ်ဝရှိ စစ်ကောင်စီ စစ်သင်္ဘော ၃ စီးမှ လမ်းကြောင်းရှင်းကာ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်လည်းရှိခဲ့သည်။ ယင်းနောက် အဆိုပါစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “တိုက်ပွဲက ဖြစ်နေတာ တစ်ပတ်ကျော်ပြီဗျ။ စစ်တပ်ကလည်း နေ့တိုင်း လေကြောင်းကနေ လာပစ်နေတယ်။ သူတို့က အဓိကတော့ ပဲဒက်ကိုပြန်ယူဖို့ပဲ။ နောက်ပြီး မြိတ်-ထားဝယ်လမ်းပိုင်းမှာ ကျွန်တော်တို့ဘက်က စစ်ဆေးတာတွေ လုပ်ဆောင်တာတွေကိုလည်း ရှင်းချင်တာမျိုးဖြစ်မှာပေါ့။ ဒီနေ့ကတော့ မိုးသည်းနေတော့ တိုက်ပွဲဖြစ်တာမရှိသေးဘူး။ စစ်တပ်စစ်ကြောင်းက ပဲဒက်မှာ နယ်မြေရှင်းလင်းတာမျိုးရှိတယ်။ နောက်ပြီး တွေ့သမျှ ဒေသခံတွေကိုလည်း ပစ်သတ်တာတွေ ရှိတယ်။ မနေ့က ၂ ယောက်ကို ပစ်သတ်လိုက်တယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    စစ်ကောင်စီမှ ကနက်သီရိရွာရှိ ဘောလုံးကွင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘောလုံးကစားနေသည့် လူငယ် ၂ ဦး သေဆုံးကာ၊ ဒဏ်ရာရသူများလည်းရှိခဲ့သည်။ ၎င်းပြင် ရငဲရွာရှိ တိုက်နယ်ဆေးရုံကိုလည်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ဆေးရုံပျက်စီးခဲ့ရသည်။

    “အဲဒီရွာက လူ ၇၀၀၀ လောက်ရှိတဲ့ရွာဗျ။ ရွာကကျယ်တယ်။ ဘောလုံးကွင်းကလည်းကြီးတယ်။ အဲဒီနေ့က ကလေးတွေ ဘောလုံးဆော့နေတာ သူတို့ကမသိဘူး။ လေယာဉ် ရုတ်တရက်ပေါ်လာပြီး ကြဲချလိုက်တာ။ ၂ ယောက်ကတော့ နေရာမှာပဲ သေသွားတယ်။ နောက်ပြီး ရငဲရွာက ဆေးရု့ကို ဗုံးကြဲတယ်။ လေယာဉ်လာတာသိလိုက်တော့ လူတွေလွတ်သွားတယ်။ ဆေးရုံကတော့ လုံးဝပျက်စီးသွားတယ်ဗျ။ အခု ဘောလုံးကွင်းမှာ ဒဏ်ရာရခဲ့တဲ့ ကလေးတွေလည်း ဆေးရုံမရှိတော့ဘူးဆိုတော့ ဆေးကုသဖို့ ခက်ခဲနေကြတယ်” ဟု အဆိုပါ ဒေသနှင့် နီးစပ်သူတစ်ဦး ပြောသည်။

    သေဆုံးသူများသည် စစ်ကောင်စီစစ်ကြောင်းနှင့်တွေ့စဉ် ပစ်ခတ်သတ်ဖြတ်ခံရသူများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများဖြစ်ပြီး သေဆုံးသူများ၏ အချက်အလက်များကို စုံစမ်းနေဆဲဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

    လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သရက်ချောင်းကျေးရွာရှိ ကတွဲရွာ၊ ရငဲရွာ၊ ကနက်သီရီရွာ၊ ကျွဲမင်းကုန်းရွာရှိ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

    ၂၀၂၄ ခုနှစ် ပထမ ၄ လအတွင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲပေါင်း ၂၂၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ဧပြီလ တစ်လတည်း လေကြာင်းမှ ဗုံးသီအလုံးရေ ရာနှင့်ချီ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE5 Tanintahryi အဖွဲ့၏ အချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks