spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းရှိ စစ်ကောင်စီတပ်စခန်း ၉ ခုကို တော်လှန်ရေးတပ် သိမ်းပိုက်ထား

    တနင်္သာရီတိုင်းရှိ စစ်ကောင်စီတပ်စခန်း ၉ ခုကို တော်လှန်ရေးတပ် သိမ်းပိုက်ထား

    -

    တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၉ ခု နီးပါးကို ယခုနှစ်အတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ထားနိုင်ပြီး တိုင်းအတွင်း စစ်ရေးအရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

    ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ၅ လတာနီးပါးကာလအတွင်း ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ ဘုတ်ပြင်းနှင့် တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချထားသော စခန်းများကို တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်ထားနိုင်ခဲ့သည်။

    စစ်အာဏာသိမ်းပထမ ၃ နှစ်ကာလအတွင်း မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိသော်လည်း ၂၀၂၄ ခုနှစ်တွင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလာခဲ့သည်။

    ပထမဆုံးအနေဖြင့် ထားဝယ်မြို့နယ်၊ ဘန်ချောင်းဒေသရှိ ကျောက်ထုစစ်ကောင်စီစခန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများကိုလည်း တော်လှန်ရေးတပ်တို့က အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

    ထိုမှတဆင့် မောထောစခန်း၊ ရောင်းမော်ရွာစခန်း၊ ပဲဒက်စခန်း၊ ၁၀၂၀ စခန်းကုန်း၊ တာဝါတိုင်စခန်းကုန်း၊ မင်းသားရွာစခန်း၊ မယ်ဝေးစခန်း၊ ကျောက်ဆည်ရွာရှိ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းစခန်းများကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့သည်။

    ဗထူးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထက်မြတ်က “ကျွန်တော်တို့အနေနဲ့ အခုနှစ်မှာ စခန်းတွေ သိမ်းပိုက်နိုင်တယ်ဆိုတာက အဖွဲ့တွေ ပေါင်းစည်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ မြေပြင်ကနေ အင်အားဖြည့်နိုင်တာမျိုး မတွေ့ရတော့ဘူး။ ကျွန်တော်တို့တိုင်းအတွင်းမှာပေါ့ မြင်သာအောင်ပြောရမယ်ဆိုရင် လူအင်အား ၂၀၀ ရှိမယ်ဆိုရင် ဟိုနေရာလဲဒီလူနဲ့ပဲ ဒီနေရာလဲ ဒီလူနဲ့ပဲ ခုခံနေတဲ့အခြေအနေပါ။ တစ်ဘက်မှာ သူတို့မှာသာလွန်လက်နက်ခုခံအားရှိတယ်။ ကျွန်တော်တို့ဘက်မှာဆိုရင် ကြည်း၊ ရေ၊ လေ နည်းပေါင်းစုံနဲ့ ခုခံနေတာ၊ အဓိကကတော့ ထားဝယ်မကျရေးကို သူတို့ဦးတည်ထားတာတွေ့ရတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    သိမ်းပိုက်ရရှိထားသောစခန်းများအနက် မင်းသားရွာရှိ ပျူစောထီးစခန်းနှင့် ထားဝယ်မြို့အခြေစိုက် အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီးရှိ မယ်ဝေးတောင်ပေါ်မှ ကာကင်းစခန်းကို ပြန်လည်လက်လွှတ်ထားရကြောင်း သိရသည်။

    “စခန်းသိမ်းတိုက်ပွဲဆိုတာက ဒီစခန်းမှာအထိုင်ချထားမှ စခန်းသိမ်းတိုက်ပွဲလို့ခေါ်တာ မဟုတ်ဘူး။ ရန်သူက အထိုင်မချနိုင်အောင် လုပ်ထားနိုင်တာလည်း စခန်းသိမ်းတာပဲ။ အခုကာလဆို ပိုဆိုးတာပေါ့ဗျာ ရန်သူနဲ့ အင်အားချင်းမမျှတဲ့အခါမှာ ပြောက်ကျားစနစ်က အဓိကပဲပေါ့။ နောက်ပြီး မြန်မာနိုင်ငံရဲ့ တောင်ပိုင်းတိုင်းနဲ့ မြောက်ပိုင်းရဲ့ စစ်ရေးအရ အခွင့်သာမှုတွေ အခြေအနေတွေချင်းက မတူကြဘူး” ဟု နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

    စခန်းသိမ်းတိုက်ပွဲများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU ၏ တပ်ရင်းများအပါအဝင် သက်ဆိုင်ရာဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

    ၂၀၂၄ ခုနှစ် ပထမ ၄ လအတွင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲပေါင်း ၂၂၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ဧပြီလအတွင်း လေကြောင်းမှ ၁၃ ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီး ဗုံးသီးအလုံးရေ ရာနှင့်ချီ အသုံးပြုခဲ့ကြောင်း FE5 Tanintharyi အဖွဲ့၏ အချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks