spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းနေရပ်မပြန်နိုင်သေးသည့် ဂျိုင်းမြစ်ဒေသမှ စစ်ဘေးရှောင်တို့ အကူအညီရရှိမှုနည်းပါး

    နေရပ်မပြန်နိုင်သေးသည့် ဂျိုင်းမြစ်ဒေသမှ စစ်ဘေးရှောင်တို့ အကူအညီရရှိမှုနည်းပါး

    -

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းတစ်လျှောက်မှ လာရောက်တိမ်းရှောင်နေသည့် ဒေသခံတို့နှစ်လနီးကြာသည်အထိ နေရပ်မပြန်နိုင်သည့်အပြင် အကူညီရရှိမှုလည်း နည်းပါးလာသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    အကူညီရရှိမှုနည်းပါးခြင်းကြောင့် ချောင်းဆုံမြို့နယ်နှင့် မော်လမြိုင်မြို့ပေါ်ရှိ စစ်ဘေးရှောင်သူတို့သည် ကိုယ်တိုင်ချက်ပြုတ်စားသောက်ရသည့်အပြင် အချို့တွင် စစ်ရှောင်သည့်နေရာမှထွက်ခွာ၍ နေအိမ်ငှားရမ်းနေထိုင်သူတို့လည်း ရှိလာသည်ဟု သိရသည်။

    “တစ်လကျော်လာပြီးဆိုတော့အလှူရှင်တွေက သိပ်မလှူကြတော့ဘူး။ ဘုန်းကြီးကျောင်းမှာဆိုရင် ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြတယ်။ အပြင်အိမ်ဌားနေသူတွေက အဆင်ပြေသလိုပါပဲ ကျန်းမာရေးစောင့်ရှောက်မှုကို ရွာကအဖွဲ့အစည်းတွေ ကူညီရေး အသင်းတို့ကပဲတတ်နိုင်သလောက် လုပ်ပေးတယ်”ဟု ချောင်းဆုံမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။

    အဆိုပါစစ်ဘေးရှောင်နေရာရှိ သက်ကြီးရွယ်အို၊ ကလေးငယ်သူငယ်၊ ကိုယ်ဝန်ဆောင်၊နာတာရှည် ရောဂါအခံရှိသူနှင့် ကိုယ်ခံအားနည်းသူတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးမှုနည်းပါးလာခြင်းကြောင့် ရေရှည်ကျန်းမာရေးပြဿနာ ရှိလာနိုင်သည်ဟု ဆက်ပြောသည်။

    စားဝတ်နေရေးနှင့် စီးပွားရေးကိစ္စ ပြန်လည်စတင်နိုင်ရန် နေရပ်ပြန်လိုသော်လည်း ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်တို့မှ နေရပ်ပြန်ဒေသခံတို့ကို ခြိမ်းခြောက်နေခြင်းကြောင့် နေရပ်မပြန်နိုင်သေးကြောင်း ကျိုက်မရောဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

    “ဓမ္မသရွာက နေရပ်မပြန်ကြသေးဘူး။ အခြားရွာတွေဆို လူကြီးနဲ့ကလေးတွေ ရှောင်နေသေးတယ်။ ရွာတိုင်းစစ်သား ၂၀ လောက်ရှိတယ်။ ရေတပ်ကနေလည်းတစ်ခါတစ်လေလက်နက်ကြီးပစ်တယ်။နေရပ်ပြန်တဲ့သူတွေကို ခြိမ်းခြောက်တာ နေအိမ်ကပစ္စည်းတွေ ကြိုက်တာယူသွားတယ်။ ဆိုင်ကယ်၊ ကားတွေ သူတို့တောင်းယူနေတာရှိတယ်"ဟု ကျိုက်မရောဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

    လက်ရှိတွင် မေလကုန်ပိုင်းအထိ စစ်ကောင်စီတပ်သားတို့ ကျေးရွာတိုင်းတွင် စစ်ကြောင်းချထားပြီး သံကလောင်၊ တရနာ၊ ကျွန်းကုန်းပိုင်း၊ ကော့သပ်၊ ဓမ္မသ စသဖြင့်ကျေးရွာမှ နေရပ်ပြန်ဝင်လာသည့် ဒေသခံတို့ထံ ခြိမ်းခြောက်မှု လုပ်ဆောင်လျှက်ရှိသည်။

    သို့သော်လည်း တိုက်ပွဲပြင်ထန်းခဲ့သည့်ယင်းဒေသတွင် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ပြီး၊ ဆေးရုံဆေးခန်းတို့ ပြန်လည်မဖွင့်လှစ်နိုင်ခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည့် ကလေးငယ်များ၊ သက်ကြီးပိုင်း နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ နေရပ်မပြန်နိုင်သေးပေ။

    ကျိုက်မရောဒေသရှိ ဓမ္မသကျေးရွာအတွင်း မီးလောင်ပျက်စီးသွားသည့် အရပ်သား နေအိမ်အဆောက်အဦး ၃၀၀ ကျော်တို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်နိုင်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပြောဆိုနေသော်လည်း လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဟု ရွာခံတို့ကပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks