spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းသထုံခရိုင်တွင် စစ်ကောင်စီတပ်မှ လူနေကျေးရွာထဲ လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်နေ

    သထုံခရိုင်တွင် စစ်ကောင်စီတပ်မှ လူနေကျေးရွာထဲ လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်နေ

    -

    မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများထဲကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေပြီး လူထိခိုက်သေဆုံးမှုလည်း ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    သထုံနှင့် ဘီးလင်းကြားရှိ ကျုံအိတ်တံတား မိုင်းခွဲခံရသည့် မေလ ၁၁ ရက်နေ့မှစပြီး စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတို့မှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသည်ဟု ဆိုသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထုတ်ပြန်ထားချက်အရ မေလ ၁၇ ရက်နေ့ နံနက် ၁၂ နာရီဝန်းကျင်အချိန်ခန့်က စစ်ကောင်စီ ခလရ-၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ တပ်စွဲထားသော ဘီးလင်း သံတားကင်းဂိတ်စခန်းမှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ တစ်လုံးသည် ဖိုးဝါးသိမ်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

    လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဖိုးဝါးသိမ်ရွာနေ အသက် ၁၄ နှစ်အရွယ် စောထူးကပေါ် (ခ) စောထူးထူး ဘယ်ဘက်ခြေမျက်စိ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

    မေလ ၁၈ ရက်နေ့ ညနေကလည်း စစ်ကောင်စီ ခမရ-၉ တပ်ရင်း တပ်စခန်းမှ ဝီယော်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများထဲသို့ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ထုံးဘိုလေးရွာနားတွင် ၃ လုံး၊ သုံးအိမ်စု ရွာတွင်း ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

    လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သုံးအိမ်စုကျေးရွာမှ အသက် ၄ နှစ်အရွယ် နော်ပေါက်ပေါက်၊ အသက် ၄၂ နှစ်ရှိ စောပဲ့ဖိုး၊ အသက် ၃၅ နှစ်ရှိ နော်အိဖြူတို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ၎င်းပြင် ပြီးခဲ့သည့် မေလ ၁၁ ရက်မှ ၁၃ ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ ရွှေရောင်ပြ၊ ဝီယော်၊ ကဒီပု၊ ဒေါက်ရပ်ကျေးရွာအုပ်စုနှင့် အနီးနားရှိ ကျေးရွာများထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အဝန်းကြီးရွာမှ အသက် ၄၈ နှစ်ရှိ ဦးဇော်မင်းထွန်း၊ အသက် ၄၆ နှစ်ရှိ ဒေါ်မြသိန်းနှင့် ဒေါက်ရပ်ကျေးရွာမှ အသက် ၈၂ နှစ်ရှိ ဒေါ်ခင်မေတို့ ၃ ဦး ထိမှန်သေဆုံးသွားခဲ့သည်။

    လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါက်ရပ်နှင့် အဝန်းကြီးကျေးရွာမှ အသက် ၄ နှစ်နှင့် ၅ နှစ်အရွယ် ကလေး ၆ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    တစ်ပတ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါက်ရပ်၊ အဝန်းကြီး၊ ရွှေရောင်ပြ၊ ထုံးဘိုလေး၊ သုံးအိမ်စု အစရှိသည့်ကျေးရွာတို့မှ နေအိမ်အလုံး ၂၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဆိုင်ကယ်နှင့် အခြားပစ္စည်းများလည်း ထိခိုက်ပျက်စီးမှုရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့်လည်း ဘီးလင်း၊ သထုံမြို့နယ်အတွင်းက ဒေသခံပြည်သူ ၅၀၀၀ ကျော်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    သထုံနှင့် ဘီးလင်းကြားရှိ ကျုံအိတ်တံတားကို ကရင်ပူးပေါင်းတပ်ဖွဲ့တို့မှ မေလ ၁၁ ရက်နေ့ နံနက်အစောပိုင်းက မိုင်းထောင်ဖောက်ခွဲခဲ့ပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားခဲ့သည်။

    သထုံခရိုင်အတွင်း စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းများ၊ စစ်ကြောင်း၊ စစ်ယာဉ်တန်း မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး ထိုသို့ တိုက်ခိုက်ခံရတိုင်း စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးဖြင့် လူနေကျေးရွာများထဲကို ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်လေ့ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks