Monday, March 9, 2026
More
    spot_img
    Homeသတင်းကျိူက်မရော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် လက်တွေ့ အကောင်ထည်ဖော်ခြင်းမရှိသေး

    ကျိူက်မရော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် လက်တွေ့ အကောင်ထည်ဖော်ခြင်းမရှိသေး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာတွင် စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ နေအိမ်ယာယီတည်ဆောက်ရေးနှင့် စာသင်ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို ဆောင်ရွက်ပေးမည်ဆိုသော်လည်း လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း သိရသည်။

    ဓမ္မသကျေးရွာတွင် မီးလောင်ခံရသည့် နေအိမ် ၃၀၀ ကျော်အတွက် ယာယီပြန်လည်တည်ဆောက်နိုင်ရန် နေအိမ်တစ်အိမ်လျှင် ငွေကျပ် ၁၁ သိန်းခန့် ထောက်ပံ့မည်ဆိုသော်လည်း လက်ရှိအချိန်အထိ ထောက်ပံ့ကြေးတစ်စုံတစ်ရာ မရရှိသေးကြောင်း ဓမ္မသရွာ ဒေသခံတစ်ဦးက ဆိုသည်။

    “ပြာကျသွားတဲ့နေအိမ်တွေအတွက် ပြန်လည်တည်ဆောက်ဖို့က သူတို့(စစ်ကောင်စီ) ကနေ ငွေ ၁၁ သိန်းထောက်ပံဖို့ စီစဉ်နေတာရှိတယ်။ ဒါမဲ့မီးလောင်သွားတဲ့နေအိမ်က ၃၀၀ ကျော်လေ ငွေကြေးပမာဏက သိန်းသောင်းကျော်သွားတာဆိုတော့ ဝန်ကြီးချုပ်တွေကစီစဉ်နေတာတော့ရှိတယ်။စီစဉ်တဲ့အတိုင်း ဖြစ်လာပ့ါမလားဆိုတာကိုတော့ မသိသေးဘူး ” ဟုဆိုသည်။

    ၎င်းအပြင် ကျေးရွာအတွင်းရှိ စာသင်ကျောင်းတို့ကို ဖွင့်လှစ်နိုင်မှသာ နေရပ်ပြန်ဝင်သူများမည်ဖြစ်သောကြောင့် လာမည့်ပညာသင်နှစ်အတွက် စာသင်ကျောင်းဖွင့်လှစ်နိုင်ရေးကို အထူးအလေးပေးဆောင်ရွက်နေကြောင်း ၄င်းဓမ္မသကဒေသခံက ဆိုသည်။

    “သူတို့ကပြန်လည်ထူထောင်မှုလုပ်ဆောင်တဲ့အပိုင်းမှာ ကျောင်းဖွင့်နိုင်ဖို့ပဲ အဓိကဦးစားပေးလုပ်ဆောင်နေတာရှိတယ်။ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတော့ ပညာရေးအပိုင်းမှာ အဆင်ပြေပြေနဲ့လည်ပတ်နိုင်ပြီးလို့ ဒေသခံတွေမြင်ရင် ဒီနယ်မြေအေးချမ်းပြီးပေါ့။ အဲလိုမျော်လင့်ချက်မျိုးသူတို့က ပြည်သူတွေကိုပေးချင်တာ အဲတာမှ နေရပ်ပြန်ဝင်တဲ့များမှာဖြစ်တယ် ” ဟု ဆိုသည်။

    သို့သော် ပြည်သူတို့၏ လိုအပ်ချက်ကို တိတိကျကျ ထောက်ပံ့မှု တစ်စုံတစ်ရာမရှိသေးကြောင်း သိရသည်။

    ပြန်လည်ထူထောင်မှုလုပ်ဆောင်ရန် စစ်ဘေးရှောင်ပြည်သူများကို နေရပ်ပြန်စေလိုကြောင်း ပြီးခဲ့သည့် မေလ ပထမအပတ်တွင် စစ်ကောင်စီမွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့တို့က စစ်ဘေးရှောင်ပြည်သူနှင့် သံင်္ဃာတော်တို့ကို တိုက်တွန်းပြောဆိုခဲ့သည်။

    ၎င်းအပြင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိမှု စသည့်လုပ်ငန်းတို့ကို အမြန်ဆုံးဆောင်ရွက်ပေးနေသည်ဟု ပြောဆိုခဲ့သည်။

    လက်ရှိ ဓမ္မသကျေးရွာအတွင်း ပြန်လည်ထူထောင်ရေး စတင်နေသော်လည်း ဒေသခံရွာလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ပြန်လည်နေထိုင်နေကြောင်း သိရသည်။

    စစ်ကောင်စီက နေရပ်ပြန်လည်ဝင်ရောက်သူများကို လုံခြုံရေးအတွက် အာမခံပေးမည်ဟုဆိုသော်လည်း ကျေးရွာအတွင်း နေ့စဉ်ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်လျှက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks