spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းမော့ကနင်အမြှောက်တပ်မှ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

    မော့ကနင်အမြှောက်တပ်မှ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ မော့ကနင်ကျေးရွာရှိ အမြှောက်တပ် ၃၁၇ မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ခြံခုတ်နေသည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က အမြှောက်တပ် ၃၁၇ မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း လက်နက်ကြီးသည် ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဆိုသည်။

    လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ခြံခုတ်နေသည့် အသက် ၅၆ နှစ်အရွယ် ဦးစံထွန်းဆိုသူသည် ကျည်စထိမှန်ဒဏ်ရာရသွားသည်ဟု နီးစပ်သူထံမှ သိရသည်။

    “ခြံက တပ်နားမှာပဲ ခြံခုတ်နေရင်းနဲ့ ထိသွားတာ၊ ပခုံးနဲ့ ကျောမှာ ပေါက်သွားတယ်။ ကျောဘက်ကဒဏ်ရာကနက်တယ်။ ခြံမှာက အလုပ်သမားနဲ့ နှစ်ယောက်ရှိနေတာ၊ သူတစ်ယောက်ပဲထိသွားတာ” ဟု ၎င်းက ဆိုသည်။

    အမြှောက်တပ် ၃၁၇ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်မီးရှို့မည်ဆိုပြီး သတင်းထွက်နေလို့ တပ်ရင်းဘက်က ယခုလို လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

    ကျည်စထိမှန်ဒဏ်ရာရသူကို ဆေးရုံသို့ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

    မော့ကနင်ကျေးရွာရှိ စစ်ကောင်စီအမြှောက်တပ် ၃၁၇ တပ်ရင်းမှ လက်နက်ကြီးဖြင့် လူနေကျေးရွာဘက် မကြာခဏပစ်ခတ်လေ့ရှိပြီး လူထိခိုက်မှုလည်း ရှိခဲ့သည်။

    ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း မော့ကနင်အမြှောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကုန်းပေါ်ရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့သေးသည်။

    ရေးမြို့နယ်မြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုနှင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသတွင်းက ရော်ဘာခြံလုပ်ငန်းများ ရပ်နားထားရသည့် အခြေအနေရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks