မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ခရီးသွားလာသူတို့ ရွာချင်းဆက်လမ်းမှတစ်ဆင့် သွားလာနေသော်လည်း တိုက်ပွဲဖြစ်ပွားနေခြင်းကြောင်း လမ်းခရီးခက်ခဲလျှက်ရှိကြောင်း သိရသည်။
ကျုံအိတ်တံတားမိုင်းထောင်ဖျက်စီးခံရသည့် မေလ ၁၁ ရက်နေ့မှစ၍ မိုးကောင်းနှင့် ရွှေရောင်ပြရွာမှ ဖြတ်သန်းသွားလာလျှက်ရှိပြီး တိုက်ပွဲကြောင့် ကားလမ်းပိတ်ဆို့နေသည့်အပြင် လက်နက်ကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်နေရသည်ဟု မုဒုံ- ရန်ကုန် ယာဉ်မောင်းတစ်ဦးက ဆိုသည်။
“အခက်အခဲကတော့အများကြီးရှိတယ် ရွာဘက်လမ်းကနေ ပတ်သွားနေရတာဆိုတော့လေ။ မိုးကောင်းကနေပတ်ဝင်ပြီးတော့ ရွှေရောင်ပြမှာလာပြန်ထွက်တယ်။ ရွှေရောင်ပြမှာလည်း တိုက်ပွဲဖြစ်နေတယ်။ ရွှေရောင်ပြမရောက်ခင် ကွင်းလမ်းမှာလည်းတိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီးကလည်း အချိန်အရွေးကျနေတယ်။ နေ့တိုင်းပစ်နေကြတာဆိုတော့အဲ့ဘက်လမ်းသွားဖို့ကလည်းအဆင်မပြေဘူး” ဟု ဆိုသည်။
အဆိုပါ ရွာလမ်းကြားတစ်ဝိုက် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် လူနာတင်ယာဉ်အပါအဝင် အိမ်စီးကား၊ ခရီးသည်တင်ကား၊ ကုန်တင်ကား ရာနှင့်ချီ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည်ဟု သိရသည်။
“စောင့်ရတာက အဆင်ပြေပေမယ့်လည်း တိုက်ပွဲဖြစ်နေတော့ အန္တရာယ်ကပိုများတယ်။ သွားလာလို့ဘယ်လိုမှအဆင်မပြေဘူး။ မနေ့က အစ်ကိုတို့အဲ့လမ်းသွားသေးတယ်။ဖြတ်လမ်းတွေလည်းသိတယ်။ ဒါတောင် မနက် ၇ နာရီကနေ ညနေ ၅ နာရီလောက်မှ ဖြတ်လို့ရတာ။ အရေးပေါ်ကိစ္စသွားရမယ်ဆို ရထား၊ လေယာဉ်နဲ့သွားတာ အကောင်းဆုံးပဲ” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ရန်ကုန်သို့အရေးကြီးကိစ္စတစ်စုံတစ်ရာ သွားရောက်လျှင် ရထားနှင့် လေယာဉ်ပျံဖြင့် သွားလာရန် ယာဉ်မောင်းတို့က အကြံပြုပြောဆိုထားသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲနေခြင်းကြောင့် ခရီးသည်တင်ယာဉ် အများစုယာဉ်ပြေးဆွဲမှု ယာယီရပ်နားထားကြောင်း သိရသည်။
လက်ရှိ ရန်ကုန်- မော်လမြိုင် ခရီးသွားလာမှုခက်ခဲနေခြင်းကြောင့် မော်လမြိုင်- ရန်ကုန် ရထားခရီးစဉ်များကို မေလ ၁၃ ရက်နေ့( ယနေ့) မှစတင်ကာ ထပ်တိုးပြေးဆွဲလျှက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ( ၁၁ ) ရက်နေ့ နံနက်ပိုင်းတွင် ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံရပြီး ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တတားတစ်ခြမ်းနှင့် ဘေလီတံတားထိုးထားသည့်အခြမ်း ပြိုကျပျက်ဆီးခဲ့သည်။
သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတားကို KNU တပ်မဟာ ( ၁ )၊ တပ်ရင်း ( ၂ ) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် မိုင်းထောင်ဖျက်စီးခဲ့ရကြောင်း သိရသည်။