Wednesday, March 11, 2026
More
    spot_img
    Homeသတင်းဂျိုင်းမြစ်ဒေသ စစ်ရေးပဋိပက္ခအတွင်း စစ်တပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုရှိနေ

    ဂျိုင်းမြစ်ဒေသ စစ်ရေးပဋိပက္ခအတွင်း စစ်တပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုရှိနေ

    -

    မွန်-ကရင်အစပ် ဂျိူင်းမြစ်ဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့တို့က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့သည်ဟု အမျိုးသမီးအရေးလှုပ်ရှားနေသူတို့နှင့် မွန်လူ့အခွင့်အရေးအဖွဲ့တို့ထံမှ သိရသည်။

     ဇာသပြင်အခြေစိုက် စစ်ကောင်စီ ခလရ ၈၁ နှင့် ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းစစ်ကြောင်းတို့က ရေကြောင်းမှတစ်ဆင့် ဧပြီလ ၂၅ ရက်နေ့က ဂျိုင်းမြစ်ဒေသ ကော့ဘိန်း၊ ကော့စွယ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။

    ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့် စစ်ကောင်စီတပ်တို့က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်မှုရှိခဲ့သော်လည်း ထုတ်ဖော်ပြောဆိုမရဲသည့် အခြေအနေရှိနေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM ) ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်က ပြောသည်။

    “ဘယ်နှယောက် ကျူးလွန်ခံရလည်းဆိုတာ ကျွန်တော်တို့အနေလည်း သတင်းတိတိကျကျမသိသေးဘူး။ နောက်တစ်ခုက ကာယကံရှင်ကိုယ်တိုင်ကလည်း စကားအပြောမခံဘူး။ အခုလောလောဆယ် ကြားနေတာကတော့ ၂ ယောက်။ အရေအတွက်ကတော့ အဲ့ထက်မကဘူး။ စုံစမ်းနေတုန်းပဲ။ ကျူးလွန်တဲ့သူက အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက် တပ်ရင်းက တပ်သားတွေပဲ။ ဒီကိစ္စတွေကလည်း ရွာသားတွေ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ လိင်ကိစ္စဖြစ်နေလို့ မပြောပြချင်တာလား။ မဟုတ်ရင် ရွာသိက္ခာကျမှာကြောက်လို့လား။ နောက် ဘယ်လိုမျိုး ကျူးလွန်ခံရလဲဆိုတဲ့ဟာက မရှင်းနေဘူး” ဟု နိုင်အဲမွန်က ဆိုသည်။

     စစ်ကောင်စီတပ်ဘက်က ကျူးလွန်ခဲ့သည့် လိင်အကြမ်းဖက်မှုကိစ္စနှင့် ပတ်သတ်ပြီး သတင်းမပေါက်ကြားစေရန် စစ်ကောင်စီတပ်ဘက်က ဒေသခံပြည်သူတို့ကို ခြိမ်းခြောက်ပြောဆိုထားသည်လည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။

     ၎င်းပြင် ဂျိုင်းမြစ်ဒေသတွင်း စစ်ကောင်စီစစ်ကြောင်းထိုးလာချိန်တွင် ကော့ဘိန်းနှင့် ကော့ပလိုင်ရွာမှ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦးတို့ကိုလည်း ပစ်သတ်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

     ဂျိုင်းမြစ်ဒေသရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မတ်လ ၂၄ ရက်နေ့နောက်ပိုင်း ဂျိုင်းမြစ်ဒေသကို စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာခဲ့သည်။

    ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့သည် နေအိမ်မီးရှို့တာ၊ အဖိုးတန်ပစ္စည်းများကို ယူဆောင်တာတွေအပြင် အပြစ်မဲ့ဒေသခံပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုကို ဆက်တိုက်ကျူးလွန်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေးရှင်းက ပြောသည်။

     ကော့ဘိန်းရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ဂျိုင်းမြစ်ဒေသအတွင်း  စစ်ကောင်စီမှ ရေကြောင်း၊ လေကြောင်းအပြင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ပစ်ခတ်ခဲ့သည်။

     စစ်ကောင်စီဘက် ပစ်ခတ်မှုကြောင့် တစ်လကျော်ကာလအတွင်း ဂျိုင်းမြစ်ဒေသက အရပ်သားပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိခဲ့သည်။

    ၎င်းပြင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုန်ကြီးကျောင်းအပါအဝင် လူနေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးသွားသည်လည်း ရှိခဲ့သည်။

    ဒေသတွင်းတိုက်ပွဲနှင့် စစ်ကောင်စီဘက်မှ လေကြောင်း၊ ရေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ဂျိုးမြစ်ဒေသတလျှောက်က ဒေသခံပြည်သူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks