spot_img
Friday, March 14, 2025
More
    spot_img
    Homeသတင်းဂျိုင်းမြစ်ဒေသတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု စိုးရွားစွာကျူးလွန်နေဟုဆို

    ဂျိုင်းမြစ်ဒေသတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု စိုးရွားစွာကျူးလွန်နေဟုဆို

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ် ဂျိုင်းမြစ်ဒေသတလျှောက်တွင် စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှု စိုးရွားစွာကျူးလွန်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

    ဂျိုင်းမြစ်ဒေသရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မတ်လ ၂၄ ရက်နေ့နောက်ပိုင်း ဂျိုင်းမြစ်ဒေသတလျှောက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ကျေးရွာများထဲကို ဝင်ရောက်တပ်စွဲထားခဲ့သည်။

    ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့သည် နေအိမ်မီးရှို့တာ၊ အဖိုးတန်ပစ္စည်းများကို ယူဆောင်တာတွေအပြင် အပြစ်မဲ့ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်သတ်ဖြတ်ခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေးရှင်းမှ စီမံကိန်းဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

    “အရင်တုန်းကတော့ ရေးမြို့နယ်က လူ့အခွင့်အရေး ချိုးဖောက်မှု အခံရဆုံးဖြစ်တယ်၊ ဒါပေမဲ့ အခုကျတော့ ကျိုက်မရောမြို့နယ်က အများဆုံး ဖြစ်လာတယ်။ တစ်ချို့က မီဒီယာတွေ မသိဘဲနဲ့ သတ်ဖြတ်ခံထားရတဲ့သူတွေ အများကြီးပဲ။ နောက်ပြီး ကျိုက်မရောဒေသကို သူတို့(စစ်ကောင်စီတပ်) သိမ်းပိုက်ထားစဉ် တစ်ခဏအတွင်းမှာ ဘယ်ပစ္စည်းက တန်းဖိုးကြီးသလဲ၊ တန်းဖိုးကြီးတဲ့ ပစ္စည်းတွေကို ဘာတစ်ခုမှ မကျန်အောင် သူတို့ ခိုးယူနေတယ်။ မကြာခင်ရက်အတွင်းမှာပဲ ကော့ဘိန်းမှာ မိန်းခလေးငယ်တွေကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်သွားတာရှိခဲ့တယ်။ ပြီးတော့ အတင်းအဓမ္မနည်းနဲ့ လူငယ်တွေကို ဖမ်းဆီးမယ်။ ဘုန်းကြီးပါမကျန် ပစ်သတ်တယ်။ ပဋိပက္ခဖြစ်နေချိန်အတွင်းမှာ ကြိုက်သလို သူတို့(စစ်ကောင်စီတပ်) လုပ်လို့ရနေတယ်ဆိုတာကို ပြည်သူတွေ သိထားရမယ်” ဟု နိုင်အဲမွန်က ပြောသည်။

    မွန်လူမျိုးစုအများစုနေထိုင်သည့် ဂျိုင်းမြစ်ဒေသကို စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများ စိုးရွားစွာလုပ်ဆောင်နေခြင်းသည် မွန်ပြည်သူလူထုများနှင့် မွန်တော်လှန်ရေးအင်အားစုများ ကြောက်ရွံ့အောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း နိုင်အဲမွန်က ဆက်ပြောသည်။

    စစ်ရေးပဋိပက္ခဖြစ်စဉ်အတွၚ်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးသည် ကလေးနှင့် အမျိုးသမီးများဖြစ်သည်ဟု ကလေးနှင့် အမျိုးသမီးအရေးလှုပ်ရှားသူ မိသုတဂျော်က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မိသုတဂျော်က “လောလောဆယ်ကတော့ ဂျိုင်းမြစ်ဒေသမှာ ကျိုက်မရောမြို့နယ်က အများဆုံး ခံနေရတယ်။ သူတို့(စစ်ကောင်စီတပ်) တပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ကလေးတွေနဲ့ အမျိုးသမီးတွေ သေဆုံး၊ ဒဏ်ရာရသွားတာတွေ ရှိတယ်။ စစ်ရေးပဋိပက္ခဖြစ်တိုင်း စစ်ဘေးရှောင်ရတဲ့သူတွေအထဲမှာလည်း ကလေးတွေနဲ့ အမျိုးသမီးတွေက အများဆုံးဖြစ်နေတယ်။ စစ်ပွဲတွေကလည်း ပြည်သူလူထုတွေရှိရာ ကျေးရွာတွေထဲမှာပဲ ဖြစ်နေကြတယ်။ တခါတလေ ရွာအပြင်ဘက်မှာ ဖြစ်ပွားပြီးရင်လည်း ကျေးရွာထဲကိုပဲ လက်နက်ကြီးတွေ ပစ်ချနေကြတာ။ အရင်ကနဲ့ နှိုင်းယှဉ်းကြည့်ရင် ရက်စက်ကြမ်းကြုတ်မှုတွေက ပိုများလာတယ်။ သေဆုံးမှုတွေ ပျက်စီးဆုံးရှုံးတွေလည်း ဆယ်ဆလောက် ပိုများလာတယ်” ဟု ဆိုသည်။

    ကော့ဘိန်းရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ဂျိုင်းမြစ်ဒေသအတွင်း စစ်ကောင်စီမှ ရေကြောင်း၊ လေကြောင်းအပြင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ပစ်ခတ်ခဲ့သည်။

    စစ်ကောင်စီဘက် ပစ်ခတ်မှုကြောင့် တစ်လကျော်ကာလအတွင်း ဂျိုင်းမြစ်ဒေသက အရပ်သားပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိခဲ့သည်။

    ၎င်းပြင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုန်ကြီးကျောင်းအပါအဝင် လူနေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးသွားသည်လည်း ရှိခဲ့သည်။

    ဒေသတွင်းတိုက်ပွဲနှင့် စစ်ကောင်စီဘက်မှ လေကြောင်း၊ ရေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ဂျိုးမြစ်ဒေသတလျှောက်က ဒေသခံပြည်သူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts