spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းအနင်းကျေးရွာရဲစခန်းမှ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် မကြာခဏပစ်ခတ်နေ

    အနင်းကျေးရွာရဲစခန်းမှ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် မကြာခဏပစ်ခတ်နေ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာရဲစခန်းမှ တော်လှန်ရေးတပ်ဖွဲ့တို့ အခြေချနေထိုင်သည့် အနီးဝန်းကျင်ရှိ ကျေးရွာသို့ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် မကြာခဏပစ်ခတ်နေသည်ဟု အနင်းဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က အနင်းကျေးရွာနှင့် ထင်းရူးကျေးရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် အနင်းရဲစခန်းမှ နေ့စဉ်နီးပါး ခြောက်လှန့် ပစ်ခတ်နေသည်ဟု အနင်းရွာခံတစ်ဦးက ဆိုသည်။

    “ရွာမှာ အခုအခြေအနေငြိမ်ပေးနေမယ့်လည်း နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ရဲစခန်းကနေလက်နက်ကြီးရော လက်နက်ငယ်နဲ့ရောပစ်နေတာ။တော်လှန်ရေးတပ်ဖွဲ့တွေ ရွာထဲဝင်လာလို့သတင်းကြားရင် ပစ်တယ်။ အဲ့အဖွဲတွေ ကရင်ရွာဘက်မှာရှိနေတယ်လို့ သတင်းကြားရင် ပစ်တယ်။ သူတို့ရှိတဲ့ဘက်ကို ပစ်တာပေါ့လေ။ ဒရုန်းအသံကြားရင် ဒရုန်းလာတဲ့ဘက်ကို ပစ်တာ” ဟု ဆိုသည်။

    ပစ်ခတ်မှုကြောင့် နေအိမ်ထိခိုက်မှု မရှိသော်လည်း လက်နက်ကြီးအသံကြောင့် ဒေသခံ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်တို့ကြား ထိန့်လန့်ဖွယ်ဖြစ်စေကြောင်း ဆက်ပြောသည်။ လက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် အနင်းကျေးရွာအနီးရှိ ဝဲဝန်းကျေးရွာအပြင် အနီးဝန်းကျင်ရှိကရင်ရွာတို့တွင် တပ်စွဲထားပြီး သွားလာလှုပ်ရှားမှုရှိနေခြင်းကြောင့် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားမည်ကို ဒေသခံတို့ စိုးရိမ်လျှက်ရှိသည်။

    “စစ်သားတွေ ရွာထဲမှာ အင်အား ၁၀ ယောက် ၁၅ ယောက်လောက်နဲ့ နေ့တိုင်းလှည့်နေတာ။ တစ်နေ့မှာ နှစ်ခါသုံးခါလောက် လှည့်ကြည့်နေတာ။ မနက်ဈေးသွားတဲ့ချိန် နေ့လည် ၁၁ လောက်ဆိုလှည့်ပြီး။ အိမ်တွေကြားမှာ ပုန်းသွားပုန်းလာနေနေတာပေါ့လေ။ တစ်ချို့အိမ်တွေကြတော့လည်း နှစ်ဖက်ဆုံရင် ပစ်မှာဆိုးလို့ အိမ်တံခါးတွေပိတ်ထားရတယ်” ဟု အနင်းဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

    ဇန်နဝါရီ ၃၁ ရက်နေ့နောက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကြာခဏပစ်ခတ်နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင်လည်း အနင်းကျေးရွာရဲစခန်းမှ ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နယ်ငယ်ဖြင့် ဆက်တိုက်ပစ်ခတ်သဖြင့် ရွာခံတို့တိမ်းရှောင်နေရပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks