တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ထမင်းမစားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
မေလ ၂ ရက်နေ့ကစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယနေ့ မေလ ၃ ရက်နေ့ ညနေပိုင်းအချိန်ထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများကြောင့် မြိတ်-ထားဝယ်ကားလမ်း ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားရကြောင်း ပုလောတပ်ရင်း အမှတ် ၁ တာဝန်ရှိသူက ဆိုသည်။
“ကားတွေကို ပိတ်ထားတဲ့နေရာက တိုက်ပွဲနဲ့ ဝေးပါတယ်။ မနေ့ကတည်းက တိုက်ပွဲတွေစဖြစ်တော့ တိုက်ပွဲနဲ့ ဝေးတဲ့နေရာကစပြီး နှစ်ဘက်လုံးကို ကျွန်တော်တို့ သွားလာခွင့် ပိတ်လိုက်တာပါ။ တိုက်ပွဲက အခုထိ ဖြစ်နေတုန်းပဲဆိုတော့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ဘာမှပြောလို့မရသေးပါဘူး” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။
ဒေသခံတို့၏ ပြောဆိုချက်အရ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှစပြီး တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိနေပြီး အသေးစိတ်အချက်အလက်ကို ထုတ်ပြန်သွားမည်ဟုလည်း ပုလောတပ်ရင်းတာဝန်ရှိသူတို့က ဆိုသည်။
မြိတ်-ထားဝယ်ကားလမ်းအပြင် တနင်္သာရီမြို့နယ်အတွင်းလည်း တိုက်ပွဲများပြင်းထန်နေသောကြောင့် မြိတ်-ကော့သောင်း ကားလမ်းကို ယာယီပိတ်ထားရကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။



