spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းကုလားကုတ်ကျွန်းတွင် တိုက်ပွဲဖြစ် စစ်တပ်ဘက်က ရေကြောင်း၊ လေကြောင်းဖြင့်ပါ ပစ်ခတ်နေ

    ကုလားကုတ်ကျွန်းတွင် တိုက်ပွဲဖြစ် စစ်တပ်ဘက်က ရေကြောင်း၊ လေကြောင်းဖြင့်ပါ ပစ်ခတ်နေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားကုတ်ကျွန်း အောက်ဆိပ်တွင် ယနေ့ မေလ ၃ ရက်နေ့ နံနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်းဖြင့်ပါ ပစ်ခတ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကုလားကုတ်ကျွန်း အောက်ဆိပ်တွင်ရှိသည့် စစ်ကောင်စီ ရေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဆိုသည်။

    “မနေ့ညက ၉ နာရီကတည်းက ပစ်ခတ်နေကြတယ်။ တော်လှန်ရေးတပ်တွေက ဘယ်လိုဝင်လာလဲတော့ မသိဘူး။ တပ်ထဲအထိ ဝင်ပစ်တယ်။ စစ်ဗိုလ်က အောက်ဆိပ်မှာရှိနေလို့ကြားတော့။ သူတို့အောက်ဆိပ်ကို ဆင်းသွားတယ်။ အိမ်တစ်အိမ်မှာတွေ့လို့ သူတို့ ပစ်လိုက်တယ်။ မနက် ၃ နာရီခွဲ ၄ နာရီအထိ ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က စစ်ဗိုလ်တစ်ဦး သေဆုံးသွားသည်ဟု သတင်းထွက်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    လက်ရှိတွင် ကုလားကုတ်ကျွန်းကို စစ်ကောင်စီ မောရဝတီရေတပ်က ဝိုင်းထားပြီး အောက်ဆိပ်ဘက်နှင့် ပင်လယ်အတွင်း သွားလာနေသည့် လှေမှန်သမျှကို ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    “အခုက တော်လှန်ရေးတပ်ဘက်က ဆုတ်သွားတော့ နှစ်ဖက်ပစ်ခတ်တာတော့ မရှိတော့ဘူး။ ရေတပ်က သင်္ဘော ၄ ဆင်းနဲ့ စောင့်နေတယ်။ ကော့ဒွတ်ဘက်ကနေလည်း စစ်သားတွေ လှေနှစ်စီးနဲ့ ထပ်ဆင်းလာပြီးတော့ ပစ်နေတယ်။ ခုထိပါပဲ ပင်လယ်မှာ တွေ့တဲ့ ဘယ်လှေကိုမဆို ရမ်းသမ်းပြီး ပစ်နေတာ” ဟု အထက်ပါ ဒေသခံက ပြောသည်။

    ကုလာကုတ်ကျွန်း အောက်ဆိပ်ကို စစ်ကောင်စီ ရေတပ်က လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်ဖြင့်လည်း ပစ်ခတ်နေသည့်အတွက် ဒေသခံများ နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် တောင်ပေါ်တွင် တိမ်းရှောင်နေကြရသည်။

    ကုလားကုတ်ကျွန်းတိုက်ပွဲဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးမှု ရှိ၊ မရှိ အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts