spot_img
Friday, March 14, 2025
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် PDF သင်တန်းလာတက်သည်ဆိုပြီး အမျိုးသမီး ၁ ဦးအပါ ၄ ဦးကို ဖမ်းဆီးခံရ

    မော်လမြိုင်တွင် PDF သင်တန်းလာတက်သည်ဆိုပြီး အမျိုးသမီး ၁ ဦးအပါ ၄ ဦးကို ဖမ်းဆီးခံရ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်သူ့ကာကွယ်ရေး PDF သင်တန်းတက်ရန် ရောက်ရှိနေသည်ဆိုပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မမျိုးသန္တာအေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှ ရဲကိုဝိုင်(ခ)ကိုပိုင်၊ မင်းခန့်နိုင်၊ မင်းသူရိန်တို့ ၄ ဦးသည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ ဇင်ယော်ဧည့်ရိပ်သာတွင် တည်းခိုနေစဉ် စစ်ကောင်စီတပ်ဖွဲ့တို့က ဧပြီလ ၁၉ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။

    ၎င်းတို့ ၄ ဦးကို ဖမ်းဆီးပြီး ၁၀ ရက်အကြာ ဧပြီလ ၂၉ ရက်နေ့တွင် စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

    ဧပြီလ ၂၉ ရက်နေ့ကလည်း မြိုင်သာယာရပ်ကွက်၊ ဦးစစ်မောင်လမ်းနေ ကိုရဲလင်းဖြိုးကို PDF ထောက်ပံသည်ဆိုပြီး စစ်ကောင်စီတပ်တို့က နေအိမ်တွင် လာဖမ်းသွားခဲ့သည့်ဖြစ်စဉ် ရှိခဲ့သည်။

    မော်လမြိုင်မြို့တွင် PDF နှင့် ဆက်စပ်သည်ဆိုပြီး လိုက်လံဖမ်းဆီးမှုများရှိနေသလို လမ်းတွင် သွားလာနေသည့် လူငယ်များကိုလည်း ဖမ်းဆီးပြီး အမျိုးမျိုးစွပ်စွဲကာ အရေးယူမှုပြုလုပ်နေသည်လည်း ရှိနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    “မော်လမြိုင်မှာ အဖမ်းအဆီးတွေက များလာနေတယ်။ ဖမ်းခံရပြီးဆိုရင်လည်း တခု မဟုတ် တခု စွပ်စွဲထည့်ထာပဲ။ လမ်းသွား လမ်းလာဆိုရင်လည်း သူတို့နဲ့ တိုးလို့ မသင်္ကာရင်လည်း ဖမ်းသွားတာပဲ။ အသွားအလာတွေတော့ တော်တော် သတိထားနေရတယ်” ဟု မော်လမြိုင်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

    ဧပြီလအတွင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၇ ဦးရှိပြီး ဖမ်းဆီးခံရမှု အများဆုံးပြည်နယ်ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားချက်အရ သိရသည်။

    မွန်ပြည်နယ်တွင် သံဖြူဇရပ်၊ မော်လမြိုင်၊ ရေး၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် ၂၀၂၃ ခုနှစ်အတွင်းက PDF နှင့် ဆက်စပ်သည်ဆိုပြီး ဖမ်းဆီးခံရသူ ၂၀၀ အထက်ရှိပြီး အများစုက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူခံထားရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts