spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီက ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှု ထောင်ချီရှိနေ

    စစ်ကောင်စီက ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှု ထောင်ချီရှိနေ

    -

    အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှု ၁၂၉၃ ကြိမ်အထိ လုပ်ဆောင်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အချက်အလက်များအရ သိရသည်။

    စစ်ကောင်စီက ဆေးရုံဆေးခန်းများ၊ လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်သူများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများလည်း သေဆုံးခဲ့ရသည်။

    အာဏာစသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့အထိ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ဆေးရုံဆေးခန်း ၃၄၃ ခု ပျက်ဆီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦး သေဆုံးကာ ၁၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ၏ စာရင်းများအရ သိရသည်။

    ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့တွင်လည်း ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၂ ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး လူနာ ၄ ဦးနှင့် လူနာစောင့် ၁ ဦး သေဆုံးသွားခဲ့ရသည်။

    “အကြမ်းဖက်အာဏာရှင်တွေကတော့ သူတို့လုပ်စရာရှိတာကို လုပ်နေတာလို့ပဲ မြင်တယ်။ လူတွေများများသေလေလေ ဘယ်သူတွေသေသေ ဘာမှ မသိဘဲ ကြဲချင်ရာကြဲ သတ်ချင်ရာ သတ်နေတဲ့ အာဏာရှင်တွေရဲ့ ပုံစံမျိုးပါပဲ သူတို့မှာ ထောက်ထားတာတွေ အရပ်သားပစ်မှတ် စစ်ရေးပစ်မှတ်ဆိုတာ မထားပဲ အပြစ်မဲ့ပြည်သူကို ဂရုမထားဘဲ လုပ်ချင်ရာလုပ် ရမ်းကားနေတာလို့ပဲမြင်ပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါက်တာယောမန်က ဆိုသည်။

    စစ်ကောင်စီက တိုင်းရင်းသားနယ်မြေများရှိ ဆေးရုံ၊ ဆေးခန်းများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လာရောက်ဆေးကုသနေသည့် အထင်ဖြင့် ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    ဆေးရုံ၊ ဆေးခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် ချင်းပြည်နယ်တွင်သာမက ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်လည်း ဖြစ်ပွားခဲ့သည်။

    ကရင်နီပြည်နယ်လူ့အခွင့်အရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးဗညားကတော့ “ဒီလိုတိုက်ခိုက်မှုတွေက သာမန်လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောလို့ မရတော့ဘူး။ ဒါက နိုင်ငံတကာစံနှုန်းတွေကို မလေးစားတာအပြင် ကိုယ့်တပ်တွင်းရဲ့စံနှုန်းတွေကိုလည်း မလိုက်နာရာ ရောက်တယ်။ အခြေခံကျန်းမာရေးဝန်ဆောင်မှု ပျက်ပြားအောင် လုပ်ဆောင်တာဟာ လူသားတွေအပေါ်မှာ တိုက်ရိုက်သာမက သွယ်ဝိုက်တဲ့နည်းနဲ့ပါ သတ်ဖြတ်နေတာဖြစ်တယ်” ဟု ပြောသည်။

    ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီက တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု NUG က ထောက်ပြထားသည်။

    သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ အသေအချာ အရေးယူဆောင်ရွက်သွားမည်ဟုလည်း NUG က ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks