Tuesday, March 10, 2026
More
    spot_img
    Homeသတင်းNMSP-AD နှင့် MSFC တို့ကြား စစ်ရေး၊ နိုင်ငံရေးအပါ ကဏ္ဍအသီးသီးတွင် ပူးပေါင်းရန် သဘောတူ

    NMSP-AD နှင့် MSFC တို့ကြား စစ်ရေး၊ နိုင်ငံရေးအပါ ကဏ္ဍအသီးသီးတွင် ပူးပေါင်းရန် သဘောတူ

    -

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီထံမှ သိရသည်။

    NMSP-AD မှ နိုင်ငံရေး စစ်ရေး ဦးဆောင်အဖွဲ့ ၆ ဦးနှင့် MSFC မှ ကောင်စီဝင် ၉ ဦးတို့သည် ဧပြီလ ၂၂ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    တွေ့ဆုံပွဲတွင် စစ်ရေး၊ နိုင်ငံရေး၊ လူမှုကယ်ဆယ်ရေးအပါအဝင် အခြားသော ကဏ္ဍအသီးသီးတွင် ပူးပေါင်းအကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့သည့်အပြင် အခြားသော သဘောတူညီချက်များလည်း ရရှိခဲ့သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “အဓိကကတော့ အကြောင်းနှစ်ခုကို ကျနော်တို့ဆွေးနွေးသွားတာပေါ့။ စစ်ရေးနဲ့ နိုင်ငံရေးအကြောင်းတွေပေါ့။ နိုင်ငံရေးအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျနော်တို့ အမြင်ဖလှယ်ကြတာရှိတယ်။ ဒါပေမဲ့ နိုင်ငံရေး ကြောင်းအရာက နည်းနည်းရှုပ်ထွေနေတော့ ကျနော်တို့ ဆက်လက်ဆွေးနွေးသွားရအုံးမယ်။ ပြီးတော့ စစ်ရေးနဲ့ ပတ်သက်ပြီး ဒီပထမအကြိမ် ကျနော်တို့ ဆွေးနွေးသွားတဲ့ဟာကလည်း ပြည့်စုံတဲ့အဖြေတစ်ခုတော့ ထွက်မလာသေးဘူး။ဒါပေမဲ့ အနာဂတ်မှာ စစ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးပူးပေါင်းသွားမလဲ၊ အဲဒီလို ဆွေးနွေးထားတာရှိတယ်။ နှစ်ဖက်စလုံးကတော့ ဆုံးဖြတ်ချက် မချရသေးဘူး” ဟု နိုင်မွန်စိုင်းက ပြောသည်။

    NMSP-AD နှင့် MSFC တို့ကြား ပူးပေါင်းအကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို နှစ်ဦးနှစ်ဖက် ဆက်လက်ဆွေးနွေးသွားရန် “လုပ်ငန်းညှိနှိုင်းရေးအဖွဲ့” ဖွဲ့စည်းသွားမည်ဟု MSFC က ထုတ်ပြန်ထားသည်။

    လုပ်ငန်းညှိနှိုင်းရေးအဖွဲ့မှ ညှိနှိုင်းသဘောတူညီမှုရရှိသောလုပ်ငန်းများကို မွန်ပြည်သူများနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများကို ပုံမှန် တင်ပြသွားမည်ဟု ထုတ်ပြန်ထားသည်။

    မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အနေနှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့နှင့်လည်း ပြီးခဲ့သည့် ဧပြီလ ၇ ရက်န့က မဟာမိတ်အဖြစ် ပူးပေါင်းပြီး မွန်ပြည်ထူထောင်နိုင်သည့်အထိ တိုက်ပွဲဝင်သွားရန် သဘောတူထားခဲ့ကြသည်။

    ၎င်းပြင် အခြားသော မွန်လက်နက်ကိုင်အဖွဲ့အစည်းတို့နှင့်လည်း တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်သွားကြရန်လည်းရှိသည်ဟု နိုင်မွန်စိုင်းက ဆက်ပြောသည်။

    ၎င်းက “လောလောဆယ်မှာတော့ မွန်တပ်လို့ခေါ်တဲ့ မွန်လက်နက်ကိုင်တစ်ဖွဲ့နဲ့လည်း နှစ်ကြိမ် ကျနော်တို့ ဆွေးနွေးထားကြပြီးပြီ။ ပူးပေါင်းသွားဖို့လည်းနီးစပ်လာပါပြီ။ အခု ရဲဘော်တွေနဲ့ ပတ်သက်တဲ့ လိုက်နာရမယ့် စည်းကမ်း၊ ကျင့်ဝတ်တွေကို နှစ်ဖက် ဆွေးနွေးနေကြတယ်” ဟု ဆိုသည်။

    မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အနေနှင့် မွန်ပြည်နယ်အတွင်း စစ်အာဏာရှင်ကို တော်လှန်ရေး တိုက်ခိုက်နေသည့် မည့်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းသွားမည့်ဖြစ်သလို စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် အမြစ်ပြတ်သွားသည့်အထိ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

    အလားတူ မွန်ပြည်သစ်ပါတီ (MNSP)မှ ခွဲထွက်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု NMSP-AD က ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

    NMSP-AD ကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အွန်းလိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ခိုင်မာသော မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက် သဘောတူထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks