spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းပင ကျေးရွာမွန်အမျိုးသားအလယ်တန်းကျောင်းကို အထက်တန်းအဆင့်ထိ တိုးမြှင့်သင်ကြားသွားမည်

    ပင ကျေးရွာမွန်အမျိုးသားအလယ်တန်းကျောင်းကို အထက်တန်းအဆင့်ထိ တိုးမြှင့်သင်ကြားသွားမည်

    -

    လာမည့်စာသင်နှစ်တွင် သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင်ဖွင့်လှစ်ထားသည့်  မွန်အမျိုးသားအလယ်တန်းကျောင်းကို အထက်တန်းအဆင့် Grade 12 အထိ တိုးမြှင့်သင်ကြားသွားမည်ဟု သိရသည်။

    ယနေ့ နိုင်ငံရေးအခြေအနေကြောင့် သံဖြူဇရပ်မြို့နယ် မွန်အမျိုးသားကျောင်းမှ အထက်တန်းကျောင်းသားတို့ကို ရပ်ဝေမြေခြားတွင် ပညာမသင်စေလိုသည့်အပြင် မွန်အမျိုးသားပညာရေးဌာနဗဟိုမှလည်း အခွင့်အလမ်းပေးလာခြင်းကြောင့် တိုးမြှင့်သင်ကြားသွားမည်ဟု ပင ကျေးရွာမွန်အမျိုးသားကျောင်း ကော်မတီဝင်တစ်ဦးက ဆိုသည်။

    ‘ အခုက အထက်တန်းကျောင်းရယ်လို့တော့ မဟုတ်ဘူး အလယ်တန်းအဆင့်ကနေ တိုးမြှင့်သင်ကြားသွားမဲ့သဘောပါ၊ သံဖြူဇရပ်ကနေ မွန်ဝင်္ကပါကျောင်းကို သွားတက်နေရတာ အယောက် ၅၀ လောက်ရှိတယ်လေ၊ အသွားအပြန်လုပ်ရတာနဲ့ မိဘတွေက ကလေးတွေကို သွားကြည့်ရတာနဲ့ လမ်းပန်းဆက်သွယ်ရေးက စိတ်မချရဘူးလေ၊ ကျောင်းဆက်မတက်ရဲတာတွေလည်းရှိတယ် ’ ဟု ဆိုသည်။

    ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့က မွန်သံဃာတော်နှင့် မွန်အမျိုးသားပညာရေး ချစ်မြတ်နိုးသူတို့ ပင ကျေးရွာ မွန်အမျိုးသားကျောင်းတွင် တွေ့ဆုံဆွေးနွေးစဉ် အတည်ပြုခဲ့ကြောင်း သိရသည်။

    သံဖြူဇရပ်မြို့နယ်အတွင်း မွန်အမျိုးသားအထက်တန်းကျောင်းမရှိသည့်အတွက် ကြာအင်ဆိပ်ကြီးမြို့နယ်ရှိ ဝင်္ကပါအထက်တန်းကျောင်း၊ ရေးမြို့နယ်ရှိ အင်ဒင်းကျောင်းနှင့် ရေးချောင်းဖျားရှိ ညီဆားကျောင်းတို့တွင် တက်ရောက်နေရသည်။

    ယခုကဲ့သို့ တိုးမြှင့်သင်ကြားမည်ဖြစ်ခြင်းကြောင့် ကျောင်းသားတို့အတွက် များစွာအထောက်အကူဖြစ်သည်ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

    "မဟုတ်ရင် ဒီနှစ်ကျမသားကို ညီဆားကျောင်းပို့ရမယ်လေ၊ အဆောင်ခ စားခတွေလည်း ပိုကုန်မယ်ပေါ့၊ ကိုယ့်ရွာမှာဆိုတော့လည်း  သွားရေးလာရေးကအစ အများကြီးအဆင်ပြေတယ်ပေါ့ရှင်" ဟုဆိုသည်။

    ထို့အပြင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အထက်တန်းအဆင့်အထိ တိုးမြှင့်သင်ကြားနိုင်ရန် စာသင်ကြားရာနေရာ၊ ကျောင်းသားနာနေဆောင်နှင့် ကျောင်းဆရာ ဆရာမဦးရေ စသည့်ကိစ္စတို့အတွက် ဆက်လက်ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

    သံဖြူဇရပ်မြို့နယ်တွင် မွန်အမျိုးသားကျောင်းပေါင်း ၁၃ ကျောင်းရှိသည့်အနက် အလယ်တန်းကျောင်း ၂ ကျောင်းရှိသည်ဟု သိရသည်။

    သံဖြူဇရပ်မြို့နယ်အတွင်း မွန်အမျိုးသားအထက်တန်းကျောင်းတစ်ကျောင်း ဆောက်လုပ်ရန် မြေနေရာရထားသော်လည်း နိုင်ငံရေးနှင့် စီးပွားရေးဈေးကွက်အခြေအနေတို့ကြောင့် ဆောက်လုပ်မှုကို ၂၀၂၃ ဒီဇင်ဘာလမှစ၍ ခေတ္တရပ်နားထားရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks