Tuesday, March 10, 2026
More
    spot_img
    Homeသတင်းကျိုက်မရောဒေသတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေ

    ကျိုက်မရောဒေသတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် စစ်ရေးပြင်းထန်နေသည့် ဓမ္မသ၊ တရနာကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီတပ်တို့က တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည့်အထင်ဖြင့် ကျေးရွာများထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဆိုသည်။

    ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်ကလည်း စစ်ကောင်စီ ဇာသပြင်အခြေစိုက် ခလရ ၈၁ အမြှောက်တပ်နှင့် ရေတပ်တို့မှ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

    “ပစ်ခတ်မှုက နေ့စဉ်ဆိုသလိုပါပဲ။ မနေ့ကတစ်နေ့ပဲတိတ်ဆိတ်နေတာ။ လက်နက်ကြီးရော၊ လေယာဉ်နဲ့ရော ရေတပ်ကနေရော လှမ်းပစ်တယ်။ ပြီးခဲ့တဲ့ ၂၀ ရက်နေ့တုန်းကလည်း သံကလောင်နဲ့ ကျွန်းကုန်းစုဘက်မှာ တိုက်ပွဲဖြစ်တယ်” ဟု ကော့ဘိန်းရွာခံတစ်ဦးက ပြောသည်။

    ကော့ဘိန်းရဲစခန်းတိုက်ခိုက်ခံရပြီးနောက် မတ်လ ၂၆ ရက်နေ့မှစကာ အင်အား ၂၀၀ နီးပါးရှိသည့် စစ်ကောင်စီတပ်တို့က ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ကော့သပ်၊ တရနာ၊ သံကလောင်ကျေးရွာထဲတွင် ယနေ့ထိ တပ်စွဲထားခဲ့သည်။

    စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲမကြာခဏဖြစ်ပွားနေသလို တိုက်ပွဲမဖြစ်လည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် နေ့တိုင်းလိုလိုပစ်ခတ်နေသည်။

    ဒေသတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတို့က နေ့ခင်းဘက်တွင် တစ်ရွာဝင် တစ်ရွာထွက် သွားလာနေပြီး တော်လှန်ရေးတပ်ဖွဲ့များ တွေ့ရှိပါက ရပ်ကွက်လူကြီးထံ သတင်းပေးပို့ရမည်ဟု ဒေသခံတို့ကို ခြိမ်းခြောက်ထားကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

    “စစ်ကြောင်းကဝင်လိုက်ထွက်လိုက်ပါပဲ။ လမ်းကြောင်း အခြေအနေကြည့်တာပဲ။ သူတို့ အဲ့ရွာဘက် ဘယ်လို လမ်းအဝင်အထွက်ရှိလဲကြည့်ပြီး ၁/၂ ရက်နေပြီး ပြန်ထွက်သွားတယ်။ ၁၉ ရက်နေ့က ကျွန်းကုန်ရွာကနေ့ ကော့စွယ်၊ ကော့နွတ်ဘက်ကိုစစ်ကား ၅ စီးနဲ့ ဝင်လာတယ်။ ညဘက်ရောက်တော့ကော့သပ်ဘက်ကို ပြန်ထွက်သွားတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။

    လက်ရှိတွင် ကော့သပ်၊ သံကလောင်နှင့် တရနာကျေးရွာထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က နေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားနေသည်လည်းရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “သူတို့ စစ်ကြောင်းဝင်ရင် နွားတွေ့ရင် နွားယူတယ်။ အထွက်ကျ လက်နက်နဲ့ ရမ်းပစ်ပြီး ထွက်တယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    လက်ရှိတွင် ကော့သပ်၊ ကော့စွယ်၊ ကော့နွတ်တို့တွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာစောင့်ရန်အတွက် လူလတ်ပိုင်းအမျိုးသားအနည်းငယ်သာ ကျေးရွာထဲ ကျန်ရှိနေကြောင်း သိရသည်။

    ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရဲစခန်း သိမ်းပိုက်ခံရသည့် မတ်လ ၂၅ ရက်နေ့နောက်ပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးလာသည့်အပြင် ရေကြောင်း၊ လေကြောင်းဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ရမ္မာဝတီလမ်းတစ်လျှောက်ရှိ ကော့သပ်၊ ကော့စွယ်၊ တရနာ၊ ဓမ္မသ၊ သံကလောင် အစရှိသည့်ကျေးရွာတို့မှ ဒေသခံပြည်သူ သောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks