မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဝမ်းကျေးရွာရှိ စစ်ကောင်စီ ပြည်သူ့စစ်စခန်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် BELU ယက္ခ ဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် SG_Production ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု NMSP-AD ထံမှ သိရသည်။
ကော့ဝမ်းပြည်သူ့စစ်စခန်းကို မွန်တော်လှန်ရေး ပူးပေါင်းအဖွဲ့ဝင်တို့က ဧပြီလ ၉ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့က ပြန်လည်ခုခံနိုင်ခြင်းမရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကော့ဝမ်းပြည်သူ့စစ်စခန်းတိုက်ခိုက်မှုတွင် ပြည်သူ့စစ်ခေါင်းဆောင်းအပါအဝင် ၄ ကို ဖမ်းဆီးရခဲ့မိပြီး သေနတ် ၁၀ လက်နှင့် ကျည်ဆံအမြောက်အများလည်း သိမ်းဆည်းရမိခဲ့သည်။
“ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်တော့ သူတို့(ပြည်သူ့စစ်) တုံ့ပြန်လို့မမီခဲ့ဘူး။ ပြည်သူ့စစ် ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်။ သေနတ် ၁၀ လက်နဲ့ ကျည်ဆံက ၅၀၀ ကျော် ရခဲ့တယ်။ ပြည်သူ့စစ်ခေါင်းဆောင်ကိုတော့ စစ်ဆေးနေတုန်းပါပဲ” ဟု NMSP-AD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်းစကားက ပြောသည်။
လက်ရှိ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကိုသာ ဆက်လက်ထိန်းသိမ်းထားပြီး ကျန် ၃ ဦးကိုတော့ စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
ကော့ဝမ်းပြည်သူ့စစ်ခေါင်းဆောင်ကို လက်နက်ချ ပူးပေါင်းရန် သတိပေးခဲ့သော်လည်း လက်နက်ချ ပူးပေါင်းလာခြင်းမရှိသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယခုလို ဝင်ရောက်သိမ်းပိုက်ရခြင်းဖြစ်သည်ဟုလည်း ပြောသည်။
“အသိပေးနေတာလည်းကြာပြီ။ သူတို့မှာလက်နက်ရှိနေတာလည်း သိတယ်။ဟိုရှောင် ဒီရှောင် လုပ်နေတော့ ကျွန်တော်တို့ပူးပေါင်းတပ်တွေက ဝင်သိမ်းတာ။ ကော့ဝမ်းရွာလိုပဲ စစ်ကောင်စီတောက်တိုင်တွေကို လိုက်ဖမ်းဆီး၊ သိမ်းဆည်းရမယ်” ဟု နိုင်ကောင်စကားက ပြောသည်။
ကော့ဝမ်းပြည်သူ့စစ်စခန်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD၊ BELU ယက္ခ ဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် SG_Production ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD ကတော့ မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်များ၊ စစ်ကောင်စီတောက်တိုင်များအနေဖြင့် အမြန်လက်နက်အပ်နှံကြရန် အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း မုဒုံမြို့နယ်၊ ကမာဝက်မြို့နှင့် ကော့ပီးထော်ကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးနှင့်အတူ လက်နက် ၁၅ လက်၊ ကျည်ဆံအမြောက်အများကို NMSP-AD က ဖမ်းဆီး သိမ်းဆည်းရမိခဲ့သည်။