မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာတွင် ဧပြီလ ၁၁ ရက်နေ့က လူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ကလေးကျေးရွာနေ အသက် ၁၅ နှစ်အရွယ်ရှိ မောင်ဇင်မင်းခန့်သည် ယမန်နေ့ နံနက် ၅ နာရီအချိန်ခန့်က တောင်ကလေးကျေးရွာ အရှေ့ဘက်ရှိ ရော်ဘာခြံသို့ သွားစဉ် မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်သည်။
မြေမြှုပ်မိုင်းနင်းမိခြင်းကြောင့် မောင်ဇင်မင်းခန့်သည် ခြေထောက်နှင့် လက်တို့တွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် မောင်ဇင်မင်းခန့်ကို မော်လမြိုင်မြို့ရှိ ကုတင် ၃၀၀ စစ်ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေရသည်ဟုလည်း ဆိုသည်။
မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ်ကြောင့် တောင်ကလေးကျေးရွာက ပြည်သူများ စိုးရိမ်ထိန့်လန့်နေကြပြီး ရော်ဘာခြံ မသွားရဲကြတော့သည့်အခြေအနေဖြစ်နေသည်ဟုလည်း ဒေသခံတို့က ပြောသည်။
မြေမြုပ်မိုင်းနင်းမိမှုဖြစ်ပွားခဲ့သည့် တောင်ကလေးကျေးရွာတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကာလက စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပြင်းထန်စွာဖြစ်ပွားခဲ့သည်။
မွန်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရေး၊ သံဖြူဇရပ်၊ သထုံ၊ ကျိုက်ထို၊ ဘီးလင်းမြို့နယ်တို့တွင် မြေမြုပ်မိုင်းနင်းမိမှု မကြာခဏဖြစ်ပွားနေပြီး ပြုစုထားသည့် စာရင်းများအရ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးကာ၊ ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်။