spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းကော့စွယ်၊ ကော့သပ်ရွာဘက်ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ

    ကော့စွယ်၊ ကော့သပ်ရွာဘက်ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကော့သပ်၊ ကော့စွယ်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းက ကော့စွယ်၊ ကော့သပ်၊ ကော့နွတ်ကျေးရွာဘက်တွင် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အပြင် ရေတပ်မှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခဲ့သည်။

    စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် ကော့သပ်ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကော့စွယ်၊ ကော့သပ်၊ ကော့နွတ်ရွာတို့မှ နေအိမ် ၁၅ လုံးခန့်နှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “မနေ့ညနေ ၅ နာရီလောက် ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲချတယ်။ ကော့သပ်၊ ကော့စွယ်နဲ့ ကော့နွတ်မှာ နေအိမ် ၁၅ လုံးနီးပါး ထိသွားတာ။ ဘုန်းကြီးကျောင်းလည်း နဲနဲထိသွားတာ။ ကော့သပ်က ဒေသခံ တစ်ယောက်လည်း ဒဏ်ရာရသွားတယ်။ လေယာဉ်နဲ့ ဗုံးချတာက ခဏခဏပါပဲ” ဟု ကော့စွယ်ဒေသခံတစ်ဦးက ပြောသည်။

    ကော့ဘိန်းရဲစခန်းတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် မတ်လ ၂၇ ရက်နေ့ကတည်းက ကော့သပ်၊ ကော့စွယ်၊ ကော့နွတ်နှင့် နှင့်အနီးနားရွာရှိ ဒေသခံအချို့တို့က ထွက်ပြေးတိမ်းရှောင်နေခဲ့သည်။

    ယခုအခါ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲနေသည့်အတွက် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကြရပြီး ရွာတွင် အိမ်စောင့် တစ်ယောက်စနှစ်ယောက်စခန့်သာ ကျန်ရှိတော့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “ဓမ္မသရွာ စဖြစ်တုန်းက တိမ်းရှောင်သွားတဲ့လူက သိပ်မများသေးဘူး။ အခုအခြေအနေက တိုက်ပွဲမဖြစ်လည်း ဗုံးကြဲနေတော့ ရွာထဲမှာဆို လူသိပ်မကျန်တော့ဘူး။ ယောကျာ်းလေးတွေက အိမ်စောင့်အဖြစ် ကျန်နေကြတယ်။ အိမ်ကို စိတ်မချလို့ တစ်ချို့ဆိုအနီးနားက ငါးဆူတောင်မှာပဲ တိမ်းရှောင်ကြတယ်” ဟု အခြားဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကော့ဘိန်းကျေးရွာနှင့် ကျိုက်မရောမြို့နယ်၊ ဂျိုင်းမြစ်ဒေသတွင်းက ဓမ္မသ၊ တရနာ၊ သံကလောင်ရွာဘက်ကို စစ်ကောင်စီက ကြည်း၊ လေ၊ ရေကြောင်းမျိုးစုံဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မတ်လ ၂၇ ရက်နေ့က ဓမ္မသကျေးရွာတွင် နေအိမ် အလုံး ၃၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ပြီး ယနေ့ထိလည်း ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံတို့က ပြောသည်။

    ဧပြီလ ၈ ရက်နေ့ညကလည်း ဓမ္မသရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတခုလုံး မီးလောင်ကျွမ်းပျက်စီးသွားခဲ့သည်။

    လက်ရှိတွင် စစ်ကောင်စီက ဓမ္မသကျေးရွာမှာသာမက ကော့စွယ်၊ ကော့သပ်ကျေးရွာဘက်ကိုလည်း လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks