spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် မြဝတီဒေသခံများ မဲဆောက်သို့ အလုံးအရင်းဖြင့် ဝင်ရောက်နေ

    တိုက်ပွဲကြောင့် မြဝတီဒေသခံများ မဲဆောက်သို့ အလုံးအရင်းဖြင့် ဝင်ရောက်နေ

    -

    ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် ဧပြီလ ၉ ရက်နေ့ညပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်နေပြီး မြဝတီဒေသခံများ ထောင်နှင့်ချီကာ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ ဝင်ရောက်ရန်ကြိုးပမ်းနေကြကြောင်း မဲဆောက်ဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား မြဝတီမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ပါ တိုက်ခိုက်နေကြောင်း သိရသည်။

    ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ခလရ ၁၇၅ အနီးတွင် မီးလောင်မှုများရှိသလို လူနေရပ်ကွက်အချို့တွင်လည်း မီးလောင်ကျွမ်းမှုများရှိနေသည်။

    အဆိုပါအခြေအနေများကြောင့် မြဝတီမြို့ခံများ မြဝတီ-မဲဆောက်တံတားမှတဆင့် ထိုင်းဘက်ကမ်း မဲဆောက်ဘက်သို့ ဝင်ရောက်နေကြသည်။

    မဲဆောက်ရှိ မြန်မာနိုင်ငံသားတစ်ဦးက “ထိုင်းဘက်ကတော့ တံတားဂိတ်ကို အခုထိဖွင့်ထားတာတော့ တွေ့ရတယ်။ လူတွေက ထောင်ဂဏန်းလောက်ရှိမယ်။ မနက်ကတည်းကတန်းစီနေကြတာ။ တံတားပေါ်က အဝင်အထွက် ကတော့ရှိနေပါတယ်။ ဒါပေမယ့် မြဝတီဘက်ကို ဝင်တဲ့လူကတော့နည်းတာပေါ့။ တချိူ့ကလည်း အခြေအနေတွေကိုမသိဘူး။ သင်္ကြန်ပြန်မယ့်လူတွေပေါ့။ သူတို့လည်း ရှေ့ဆက်သွားရမလား မသွားရဘူးလားဆိုတဲ့ အခြေအနေပေါ့။ ကြည့်နေကြတုန်းပဲ ကော့ကရိတ်လမ်းကလည်း ပိတ်သွားတော့လေ” ဟု ပြောသည်။

    တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တံတားမှ တရားဝင် ဝင်ရောက်သူများရှိသလို တရားမဝင်နယ်စပ်ဖြတ်ကျော်နေသူများလည်း အများအပြားရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဆိုသည်။

    “နယ်စပ်ဒေသတွေမှာ တိုက်ပွဲဖြစ်တိုင်း ရွှေ့ပြောင်းလာသူတွေကတော့ များလာမှာပဲ။ အများအားဖြင့်ကတော့ တရားမဝင်နည်းလည်းတွေနဲ့ ဝင်လာသူတွေဖြစ်မှာမလို့ အရေးယူမှုတွေကလည်း ရှိနေမှာပဲ။ ကျွန်တော်တို့ကလည်း နယ်စပ်မှာရှိနေတယ်။ အခုက ၇ ရက်နဲ့ ဝင်လာတယ်။ အဲဒီလူတွေက ပြန်ရဲပါ့မလား။ နောက်ပြီး ပြန်ကြမှာလားပေါ့။ မပြန်တဲ့အခါမှာလည်း ဒါတရားမဝင်နေထိုင်သူတွေဖြစ်လာမယ်။ ထိုင်းအစိုးရကတော့ တရားမဝင်ဝင်လာရင် တရားမဝင်နေထိုင်သူတွေကိုတော့ အရေးယူမယ်ဆိုတာတွေကတော့ အရင်ကတည်းက ပြောထားပြီးသားပါ။ ဒီအခြေအနေမှာတော့ ထိုင်းအစိုးရအနေနဲ့ တရားဝင်မှုတစ်ခုခုဖြစ်အောင် လုပ်ပေးသင့်တယ်လို့တော့ ကျွန်တော်တို့ ယူဆပါတယ်” ဟု ပြောသည်။

    မြဝတီတိုက်ပွဲကြောင့် ထိုင်းနယ်ခြားစောင့်တပ်တို့ကလည်း မဲဆောက်ဘက်ခြမ်းတွင် လုံခြုံရေးတင်းကြပ်ထားသည့်အခြေအနေ ရှိနေသည်။

    မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား၊ အရာရှိနှင့် မိသားစုဝင် ၆၀၀ ခန့် လက်နက်ချထားပြီး ခလရ ၂၇၅ မှ လက်နက်မချသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။

    စစ်ကောင်စီတပ်ကလည်း မြဝတီမြို့သို့ စစ်ကူများစေလွှတ်နေသလို လေယာဉ်ဖြင့်လည်း အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks