spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းတော်လှန်ရေးအင်အားစုများ စစ်ရေးအရှိန်မြှင်လာသည့်အပေါ် မွန်လူငယ်များ ကြိုဆို

    တော်လှန်ရေးအင်အားစုများ စစ်ရေးအရှိန်မြှင်လာသည့်အပေါ် မွန်လူငယ်များ ကြိုဆို

    -

    မွန်ပြည်နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုတို့က စစ်ရေးအရှိန်မြှင့်လာသည့်အပေါ် ကြိုဆိုကြောင်း နိုင်ငံရေးလှုပ်ရှားနေသည့် မွန်လူငယ်တို့က ပြောကြားလိုက်သည်။

    တော်လှန်ရေးအင်အားစုများ စစ်ရေးအရှိန်မြှင့်လာသည့်အခြေအနေတွင် လူငယ်အများစုကလည်း တော်လှန်ရေးတပ်ဖွဲ့ထံ ပူးပေါင်းဝင်ရောက်လာကြသလို လက်နက်ကိုင်တော်လှန်သည့်လမ်းစဉ်ကိုလည်း လက်ခံလာကြကြောင်း ရေးမြို့နယ်မှ မွန်လူငယ်တစ်ဦးက ပြောသည်။

    “ရေးမှာရှိတဲ့တော်လှန်ရေးအင်အားစုတို့၊ AD တို့က စစ်ရေးဖော်ဆောင်နေတာ လိုင်းပေါ်မှာလည်း တွေ့နေရတယ်။ မြေပြင်အခြေနေမှာလည်း ကျွန်တော်တို့ မြင်နေရတယ်ပေါ့နော်။ ဓမ္မသကျေးရွာမှာ ဖြစ်သွားတဲ့ အဖြစ်ပျက်နောက်ပိုင်းဆိုရင် ပြည်သူလူထုက တတ်နိုင်တဲ့ဘက်နေ ပူးပေါင်းပါဝင်လာကြတယ်။ အဲ့ကြောင့် တော်လှန်ရေးအင်အားစုတွေက တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားနေရင် ပြည်သူလူက ပံ့ပိုးဖို့က အဆင်သင့်ပါပဲ” ဟု ဆိုသည်။

    စစ်ရေးအရှိန်တိုးမြှင့်လုပ်ဆောင်သွားရန်အတွက် မွန်တော်လှန်ရေးအင်အားစုများဖြစ်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့အကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ဧပြီလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

    အလားတူ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် အခြားသောတော်လှန်ရေးအဖွဲ့အစည်းတို့ကလည်း ပြည်နယ်အတွင်း စစ်ရှေးအရှိန်တိုးမြှင့်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

    ယခုလိုအခြေအနေတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မွန်ပြည်သစ်ပါတီကတော့ ပြည်နယ်အတွင်း တိုက်ပွဲဆင်နွဲရန် အချိန်မသင့်သေးကြောင့် ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်လာခဲ့သည်။

    မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်ကြောင့် တော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူတို့၏ တော်လှန်ရေးစိတ်ဓာတ်ကို ရိုက်ချိုးသွားသလိုမျိုးဖြစ်စေခဲ့သည်ဟု အခြားမွန်လူငယ်တစ်ဦးက ပြောသည်။

    ၎င်းက “ဒီအချိန်က ရေးဘက်မှာ MSRF တို့၊ ဒေါနစစ်ကြောင်းတို့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက တော်လှန်ရေးအရှိန်မြင့်တင်နေတဲ့အချိန်မှာ ဒီလိုစာမျိုး မထုတ်သင့်ဘူး။ သူတို့ ထုတ်ပြန်လိုက်တဲ့ စာအပေါ်မှာ လူငယ်နဲ့ ပြည်သူတွေက မွန်တွေရဲ့ တော်လှန်ရေးအင်အားတွေက လျော့သွားပြီးလား အဲလိုအတွေးမျိုး ပေါ်လာတာရှိတယ်” ဟု ဆိုသည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်း အထူးသဖြင့် ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာဘက်နှင့် မွန်-ကရင်အစပ် ကော့ဘိန်းကျေးရွာဘက်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြား စစ်ရေးပြင်းထန်နေသည့်အခြေအနေရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks