Wednesday, April 1, 2026
More
    spot_img
    Homeသတင်းရဲဘော်တို့ အတွက် “သင်္ကြန်ထမင်းတစ်နပ်” ကမ်ပိန်းကို ဧပြီလတစ်လတာအတွင်းပြုလုပ်လျှက်ရှိ

    ရဲဘော်တို့ အတွက် “သင်္ကြန်ထမင်းတစ်နပ်” ကမ်ပိန်းကို ဧပြီလတစ်လတာအတွင်းပြုလုပ်လျှက်ရှိ

    -

    မွန်ပြည်တော်လှန်ရေးတပ် MSRF မှ မွန်ဒေသရှိ တော်လှန်ရေးရဲဘော်များအတွက် “သင်္ကြန်ထမင်းတစ်နပ်” ကမ်ပိန်းကို သင်္ကြန်လဖြစ်သည့် ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

    ယခုကမ်ပိန်းသည် မွန်ပြည်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် မိမိတို့တော်လှန်ရေးတပ်- MSRF မှ အိမ်ပြေးရဲဘော်တို့ အိမ်အလွမ်းပြေသင်္ကြန်ထမင်းတစ်နပ် စားနိုင်ရန် ရည်ရွယ်ပြုလုပ်သည့် ကမ်ပိန်းဖြစ်သည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    “ ရဲဘော်တွေက တော်လှန်ရေးနယ်မြေထဲကို ၂ နှစ် ၃ နှစ်လောက်ရောက်လာခဲ့ပြီးလေ၊ သင်္ကြန်ရောက်တိုင်းလည်း ရဲဘော်တွေ အိမ်မပြန်ရတာကြာပြီး၊ အိမ်လွမ်းနေတဲ့သူတို့တွေ အိမ်အမြန်ပြန်ရောက်နိုင်ပြီး လူစုံတက်စုံ အိမ်သင်္ကြန်ထမင်းစားနိုင်ဖို့ နောက်တစ်ခုက ဒီကမ်ပိန်းကရတဲ့အလှူငွေတွေကို တော်လှန်ရေးထဲထည့်မယ်၊ တော်လှန်ရေးမြန်မြန်ပြီးမှ အိမ်အမြန်ပြန်နိုင်မှာဖြစ်တာမို့ ဒါကြောင့် ဒီကမ်းပိန်းလေးကိုစီစဉ်လိုက်တာပါ” ဟု ဆိုသည်။

    ကမ်ပိန်းကို ထိုင်းငွေ ဘတ် ၁၀၀ ( သို့ ) မြန်မာငွေ ကျပ် ၁ သောင်းကျပ်ဖြင့် ပါဝင်အားဖြည့်နိုင်ပြီး မိမိတို့အားပေး ပြောဆိုလိုသည့် ပေးစာတို့ကိုလည်း MSRF စာမျက်နှာမှတစ်ဆင့် ရေးသားပေးပို့နိုင်ကြောင်း ဖော်ပြထားသည်။

    “ဒီငွေပမာဏလောက်က မများဘူးဆိုတော့ မည်သူမဆိုပါဝင်လာနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း မျှော်မှန်းထားတာထက် ပိုပြီးတော့များတယ်။ ဒါပေမဲ့ တော်လှန်ရေးဆိုတာက အောင်မြင်တဲ့အထိ တိုက်ပွဲဝင်ရမှာဆိုတော့ မျှော်မှန်းထားတာက အကန့်အသတ်မရှိဘူး။ ထောက်ပံ့နိုင်သလောက် ထောက်ပံ့ကြမယ်ဆိုရင် ရဲဘော်တွေလည်းများလာမယ်။ လုပ်စရာတွေလည်းများလာမယ်လေ ” ဟု နိုင်နဂါးက ဆက်ပြောသည်။

    MSRF တွင် တပ်သားသစ်တိုးလာသည်နှင့်အမျှ လက်နက်ခဲယမ်းလိုအပ်ချက်ရှိခြင်းလာခြင်းကြောင့် ရရှိလာသည့် အလှူငွေများကိုလည်း တပ်တွင်းလိုအပ်သည့်နေရာတွင် အသုံးပြုသွားမည်ဖြစ်သည်ဟု ဆိုသည်။

    သင်္ကြန်ထမင်းသည် မွန်လူမျိုးတို့၏ ရိုးရာအစားအစာတစ်ခုအဖြစ် ဘိုးဘွားစဉ်ဆက်ကပင် တည်ရှိလာခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိမ်သင်္ကြန်ထမင်းနှင့် ဝေးကွာနေသည့် ရဲဘော်တို့ကို ဝိုင်းဝန်းကူညီထောက်ပံ့ရန်လည်း တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks