spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမလွှဲတောင်ဂိတ် မကြာခဏပိတ်‌နေခြင်းကြောင့် ခရီးသွားများ အခက်အခဲဖြစ်

    မလွှဲတောင်ဂိတ် မကြာခဏပိတ်‌နေခြင်းကြောင့် ခရီးသွားများ အခက်အခဲဖြစ်

    -

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ် ရေး-ထားဝယ်လမ်းမကြီးရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်တို့မှ ဖြတ်သန်းသွားလာခွင့် မကြာခဏပိတ်ဆို့နေသည့်အတွက် ခရီးသွားများ သွားလာရေး အခက်အခဲရှိလာသည်ဟု ခရီးသွားလာသူတို့ထံမှ သိရသည်။

    အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာမှုရှိလာပြီးနောက် စစ်ကောင်စီမှ အဆိုပါဂိတ်ကို စိတ်ထင်သလို အပိတ်အဖွင့် လုပ်နေသည်ဟု ဆိုသည်။

    “အခုက ဖွင့်ချိန် ပိတ်ချိန်မရှိတော့ဘူး။ အရင်ကဆို ညဘက် ဘယ်အချိန်ကနေ ဘယ်အချိန်ဆို ဖြတ်ခွင့်မရှိဘူး ပိတ်တယ်ဆိုတာမျိုး ပြောတယ်။ အခုက သူတို့ ပိတ်ချင်တဲ့အချိန် ပိတ်ချလိုက်တာ။ အဲဒီတော့ ကားတွေ အတန်းလိုက်ကြီး ဖြစ်ကုန်ရော။ အဲ့ဂိတ်မှာတင် ညအိပ်ရတယ်” ဟု ကားသမားတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က စစ်ကောင်စီ၏ အဆိုပါ မလွှဲတောင်ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဂိတ်ဖွင့်ချိန် ပုံမှန်မရှိတော့ခြင်းဖြစ်သည်။

    ဂိတ်စခန်းတိုက်ခိုက်ခံရမှုများကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်ကာ ဂိတ်ကို နံနက် ၉ နာရီမှ နေ့လည် ၂ နာရီအထိသာ ဖွင့်ပေးကြောင်း ကားသမားများက ဆိုသည်။

    ရေး-ထားဝယ်လမ်းမကြီးတစ်လျှောက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က နယ်မြေစိုးမိုးထိန်းချုပ်ထားပြီး ဖြတ်သန်းသွားနေသည့် မော်တော်ယာဉ်များ စစ်ဆင်မှု ပြုလုပ်နေကြောင်း သိရသည်။

    မလွှဲတောင်ဂိတ်နှင့် လေးမိုင်ခန့်ကွာဝေးသော ကျေးရွာသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရောက်တိုင်း ဂိတ်ကို အချိန်မရွေးပိတ်တတ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    “ကျွန်တော်တို့ အမှတ် ၈ လမ်းမကြီးကို ထိန်းချုပ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ မလွဲတောင်ခြေနားကို ရောက်တိုင်းရောက်တိုင်းမှာ စစ်ကောင်စီတပ်သားတွေက သူတို့ ဂိတ်ကို ပိတ်ပိတ်ချလိုက်တယ်ဗျ။ စိုးရိမ်မှုလွန်ကဲလို့ပေါ့နော်။ အဲ့တာတွေမကြာခဏ ကြုံတွေ့နေရတယ်။ ကျွန်တော်တို့ အလယ်စခန်းဆိုတဲ့ရွာကလေးနားကိုရောက်ပြီဆိုလို့ရှိရင် အလယ်စခန်းကနေ မြောက်ဘက်ကို နဲနဲလေးတက်သွားပြီဆိုတာနဲ့ သူတို့က အဲ့လိုသတင်းကြားလို့ရှိရင် ဂိတ်ကို ပိတ်ပိတ်ချလိုက်တယ်ခင်ဗျ” ဟု နိုင်နဂါးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဂိတ်ကို ယခုလို ပိတ်ချင်သည့်အချိန်ပိတ်ပြီး ဖွင့်ချင်သည့်အချိန်ဖွင့်နေသည့်အတွက် ခရီးသွားများအနေဖြင့် လမ်းခရီးကြန့်ကြာခြင်း အထားမခံသော ကုန်စည်များပျက်စီးခြင်းကို ခရီးသွားများကြုံတွေ့နေကြရသည်။

    အဆိုပါ လမ်းပိုင်းတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒေါနစစ်ကြောင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(KBDF) ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) ဒေါနတပ်ခွဲ(၇)၊ဝေဟင်‌ဒေါနတပ်ခွဲ (၆)၊ တနင်္သာရီ တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ Ye Defense Force (YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ(၃)၊ ABSDF‌ ကျောင်းသားတပ်မတော် တပ်ရင်း (၁)၊ Ye Air Force (YAF)၊ KNLA တပ်ရင်း(၂၇) တို့က ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည်။

    မကြာမီအချိန်အတွင်း ရေး- ထားဝယ် ကားလမ်းမကြီးတစ်လျောက်တွင် တော်လှန်ရေးအရှိန်မြှင့်သွားမည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks