အပြင်းထန်ဆုံးသောအခြေအနေကို ရောက်ရှိလာသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို မည်ကဲ့သို့ အဆုံးသတ်ဖြေရှင်းရမလဲ ဆိုသည့်အပေါ် နိုင်ငံရေး၊ စစ်ရေး အကဲခတ်များမှ သုံးသပ်လျက်ရှိနေသည်။
၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ တိုင်းရင်းသားလူမျိုးစုများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ပြီး နိုင်ငံရေးအရ ဖြေရှင်းနိုင်ခြင်း မရှိသည့်အချိန်တွင် စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည်။
ယင်းနောက် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ခုခံမှုများ စတင်ခဲ့ပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
လက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အခြေအနေအရ တိုက်ပွဲများ ရပ်တန့်ရန် မဖြစ်နိုင်ကြောင်း၊ အင်အားကြီး နိုင်ငံများ၏ ကြားဝင်စေ့စပ်မှု ရှိလာပါက မည်ကဲ့သို့ ဖြစ်ပေါ် ပြောင်းလဲလာနိုင်မလဲဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
“မြေပြင်အခြေအနေမှာကတော့ စကစပဲ ပြောပြော၊ PDF ပဲ ပြောပြော၊ EAO တွေပဲ ပြောပြော သူ့ဟာနဲ့သူ လက်နက်ကိုင်နေတဲ့ အဆင့်အတန်းမျိုး ဖြစ်နေတော့ ဒီဟာတော့ ရပ်နားဖို့ ဆိုတာတော့ ခက်ပါလိမ့်မယ်။ ကျနော့်အမြင်ကတော့ ခက်နေတဲ့ သဘောမျိုးတော့ တွေ့မြင်နေရတယ်။ နိုင်ငံကြီးတွေက ဒီဟာကို စေ့စပ်ပေးရင်တော့ ဘယ်လိုဖြစ်လာမလဲ။ တရုတ်နိုင်ငံတစ်ခုထဲ စေ့စပ်ပြီးမှတော့ ရမယ်လို့တော့ မတွေ့မြင်နေရဘူး။ ဒါကြောင့်လည်း စေ့စပ်တဲ့နေရာမှာ အကုန်လုံးပါဝင်ပြီးတော့ စေ့စပ်မယ်ဆိုရင်တော့ ဘယ်လိုဖြစ်လာမလဲ၊ ဒါပေမဲ့ အခုလက်ရှိမှာတော့ တိုက်ပွဲတော့ ငြိမ်ဖို့တော့ မတွေ့မြင်နေရဘူး။ တိုက်ပွဲကတော့ ဆက်ပြီးတော့မှပဲ အကုန်လုံးတော့ လက်နက်ကိုင်ထားပြီဆိုတော့ တိုက်ပွဲကတော့ ဖြစ်နေမယ့်သဘောမျိုးတော့ တွေ့မြင်နေရတယ်” ဟု ၎င်းက ပြောသည်။
နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်က လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှုများ ရှိနေသည်။
အာဏာသိမ်းကာလ ၃ နှစ်ကျော် ကြာလာသည့်အချိန်တွင် စစ်ကောင်စီက အရှုံးများဖြင့် ရင်ဆိုင်လာရကာ ၎င်းတို့၏ စစ်စခန်းများ၊ ဗျူဟာကုန်းများ လက်လွှတ်ဆုံးရှုံးရသလို စစ်ကောင်စီတပ်ဖွဲ့အများအပြားကလည်း လက်နက်ချအညံ့ခံလာကြသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ ရက္ခိုင့်တပ်တော် AA၊ ကိုးကန့်တပ် MNDAA နှင့် တအောင်းတပ် TNLA တို့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာကြပြီး လက်ရှိတွင်တော်လှန်ရေးအင်အားစု များဖက်က မြို့ပေါင်း ၅၀ ကျော်ကို သိမ်းပိုက် ထိန်းချုပ်ထားသည်။
လက်ရှိ လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်သွားနိုင်ရေးသည် အင်အားကြီး နိုင်ငံများ၏ ကြားဝင်စေ့စပ်မှုအပေါ်တွင် မူတည်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်မြက်က ပြောသည်။
“တစ်ဖက်က နိုင်ငံတွေရဲ့ အကူအညီပေးမယ့်နိုင်ငံတွေရဲ့ ကူညီနိုင်တဲ့ အကျိုးစီးပွားက ထားလိုက်တော့ ဘယ်သူ့အကျိုးစီးပွားဖြစ်ဖြစ်၊ ကူညီနိုင်မယ့် နိုင်ငံတွေရဲ့ အကူအညီပေးမှု အပေါ်မူတည်လိမ့်မယ်၊ သူတို့က တကယ်စေတနာသန့်သန့်နဲ့ တိုင်းပြည်အတွက် ကူညီမယ်ဆိုရင် အခုဖြစ်နေတာတွေက မြန်မြန်ရပ်သွားလိမ့်မယ်၊ အဲဒီလို မဖြစ်ဘဲနဲ့ သူတို့ကိုယ်၌ကလည်း မီးလောင်ရာ လေပင့်သဘောမျိုး ဖြစ်လာရင်တော့ ဒီအကျိုးစီးပွား ကိစ္စမှာ အုပ်စိုးသူနဲ့ တစ်ဖက်က အကူအညီပေးတဲ့သူ နားလည်မှုရရင် ရသလို စစ်ပွဲကလည်း ကြာရင် ကြာသလို ဖြစ်လာလိမ့်မယ်၊ အဆုံးအရှုံး အနစ်နာကလည်း ပိုပြီးတော့ များလာလိမ့်မယ်လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။
ပဋိပက္ခကြာရှည်လာသည်နှင့်အမျှ ပြည်သူလူထုများမှ စားဝတ်နေရေး ကျပ်အတည်း၊ နယ်မြေမလုံခြုံမှု၊ ငွေကြေးဖောင်းပွမှုဒဏ်များ ခံစားနေကြရသည်။
နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှု နည်းလမ်းသာလျင် အကောင်းဆုံးဟု ပြောလိုကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။
“ကျနော်ကတော့ တောက်လျှောက်ပြောလာခဲ့တယ်လေ။ နိုင်ငံရေးပြဿနာ၊ ငြိမ်းချမ်းရေးပြဿနာကို လက်နက်ကိုင် ဖြေရှင်းတဲ့ နည်းကတော့ မဖြစ်နိုင်လောက်ဘူး။ တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ်မှာ အဖြေရှာရေးသာလျင် အကောင်းဆုံးပဲလို့ ဘာမှ သွေးထွက်သံယိုမှုလည်း မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း မလိုမုန်းတီး မရှိဘူးပေါ့လေ။ ငြိမ်းချမ်းရေး ရရှိဖို့ ဒီပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းသာလျင် အကောင်းဆုံးပဲလို့ ကျနော်ကတော့ ပြောလိုတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ တော်လှန်ရေးအင်အားစုတွင် ပါဝင်နေသော လူငယ်အများစုမှာ စစ်အာဏာရှင် ဖြုတ်ချနိုင်ရေးအတွက် ဦးတည်နေသလို ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများမှာ တစ်ဖက်နှင့် တစ်ဖက် အပြုတ်တိုက်ရေး လုပ်ဆောင်လျက်ရှိနေသည်။
ထို့ကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးတွင် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးခြင်း သို့မဟုတ် တစ်ဖက်နှင့် တစ်ဖက် အပြုတ်တိုက်၍ ပြည်ထောင်စုအသစ်တစ်ခု ဖန်တီးခြင်းလားဆိုသည်မှာ လက်ရှိ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ ရွေးချယ်မှုအပေါ်တွင် မူတည်ပေလိမ့်မည်။
လက်ရှိကာလထက် ပဋိပက္ခပိုမို ကြာရှည်သွားမည်ဆိုပါက တိုင်းပြည်မှာ အဆိုးဝါးဆုံးအခြေအနေ ရောက်ရှိသွားမှာဖြစ်သလို ဆင်းရဲမွဲတေမှု၊ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု၊ လူသားအရင်းအမြစ် ဆုံးရှုံးမှုများ ယခုထက်မက ကြုံတွေ့ရမှာဖြစ်ကြောင်း နိုင်ငံရေးသမားတို့က သုံးသပ်ကြသည်။