ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်အခြေစိုက် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ ၈၁ မှ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကော့ကရိက်မြို့နယ်၊ ကော့ဂူကျေးရွာနှင့် နောင်ခေတ်ကျေးရွာဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဘားအံဒေသခံတို့ထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲကျော်အချိန်မှာ ခလရ ၈၁ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကော့ဂူဒေသခံ ၂ ဦးကျည်စထိမှန်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်လည်းထိခိုက်ပျက်စီးခဲ့သည်ဟု ဘားအံဒေသခံတစ်ဦးက ပြောသည်။
“ခြေထောက်မှာ တစ်ယောက်ထိသွားတယ်။ လည်ပင်းမှာ တစ်ယောက်ထိသွားတယ်။ ဒဏ်ရာအခြေအနေတော့ မစိုးရိမ်ရဘူး။ အိမ်နည်းနည်းပါးပါးလောင်သွားတယ်။ အများကြီးတော့မဟုတ်ဘူး။ နောင်ခေတ်ဘက်မှာလည်း အိမ်တွေထိတယ်” ဟု သူက ဆိုသည်။
ပစ်ခတ်ခဲ့သည့် လက်နက်ကြီးတို့သည် ကော့ဂူကျေးရွာထဲသို့ ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နောင်ခေတ်ကျေးရွာထဲသို့ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ကော့ဘိန်းရွာတိုက်ပွဲကြောင့် စစ်ကောင်စီတပ်မှ ကုန်းကြောင်း၊ လေကြောင်းအပြင် ရေကြောင်းဖြင့်ပါ နေ့စဉ်နီးပါး ရမ်းသမ်းပစ်ခတ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းကျေးရွာအနီးအနားရှိ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ဂူ၊ နောင်ခေတ် အစရှိသည့် ကျေးရွာမှ ဒေသခံများ တိုက်ပွဲထပ်မံဖြစ်လာမည်ကို စိုးရိမ်လျှက်ရှိသည်။
စစ်ကောင်စီရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မတ်လ ၂၇ ရက်နေ့ညနေက ဓမ္မကျေးရွာတွင် နေအိမ် ၃၀၀ ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့သည်။




