Friday, April 3, 2026
More
    spot_img
    Homeသတင်းစစ်အာဏာရှင်တော်လှန်ရေးတွင် မွန်အမျိုးသမီးများ အားကြိုးမာန်တက်ပါဝင်ကြဖို့ MSFC တိုက်တွန်း

    စစ်အာဏာရှင်တော်လှန်ရေးတွင် မွန်အမျိုးသမီးများ အားကြိုးမာန်တက်ပါဝင်ကြဖို့ MSFC တိုက်တွန်း

    -

    မွန်အမျိုးသမီးထုအနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး လုပ်ငန်းစဉ်များတွင် အားကြိုးမာန်တက် ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က တိုက်တွန်းနှိုးဆော်လိုက်သည်။

    မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သည့် ၂၀ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီက ကြေညာချက်ပြီး ယခုလို တိုက်တွန်းနှိုးဆော်လိုက်ခြင်းဖြစ်သည်။

    MSFC မှ အမျိုးသမီးနှင့် ကလေးသူငယ်အရေး လှုပ်ရှားသူ မိသုဇာထောက “ဒီနှစ်ကျရောက်တဲ့ မွန်အမျိုးသမီးများနေ့အတွက် ဘာကိုတိုက်တွန်းချင်လဲဆိုရင် အမျိုးသမီးရဲ့ အောင်မြင်မှုနဲ့ အခွင့်အရေးရဖို့ဆိုတာက အမျိုးသမီးတွေပဲ လုပ်ကြရမှာဖြစ်တယ်။ မွန်ကံကြမ္မာ မွန်ဖန်တီးမှု ရရှိအောင် ကြိုးစားနေကြသလိုမျိုးပဲ၊ အမျိုးသမီးကံကြမ္မာ အမျိုးသမီးတွေ ဖန်တီးနိုင်ဖို့ကအမျိုးသမီးတွေပဲ လုပ်ကြရမှာဖြစ်တယ်။ သူများပေးတာကို စောင့်နေလို့ မရဘူး။ ဒါကြောင့် နိုင်ငံရေးနယ်ပယ်မှာလည်း အမျိုးသမီးတွေ ပါဝင်လာရမယ်။ နိုင်ငံရေးနယ်ပယ်မှာသာမက တော်လှန်ရေးနယ်ပယ်၊ ဦးဆောင်ဆုံးဖြတ်မှု နယ်ပယ်တွေမှာလည်း အမျိုးသမီးတွေကို ပါဝင်လာစေချင်ပါတယ်” ဟု ပြောသည်။

    လုပ်ငန်းစဉ်ဖော်ဆောင်နေမှုများတွင် အမျိုးသမီးများ ပါဝင်ရန်နှင့် အထူးသဖြင့် အဆင့်တိုင်း လုပ်ငန်းစဉ်တိုင်းတွင် အမျိုးသမီးပါဝင်မှု သေချာစေရန် အစဉ်တိုက်တွန်းနေမည်ဟုလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုထားသည်။

    လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေသည် အမျိုးသမီးနှင့် ကလေးသူငယ်များသည် ဘေးဒုက္ခမျိုးစုံကို ကြုံတွေ့ခံစားနေကြရပြီး စစ်ရှောင်နေကြရသည်ကို MSFC မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပြီး ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ ခေါင်းဆောင်မှုတွင် ပါဝင်လာနိုင်ရန်လည်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

    နယ်ပယ်အသီးသီးမှ အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွက်လာစေရန်၊အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လူမျိုးရေးကိစ္စရပ်တို့တွင် တာဝန်ယူလာစေရန်၊ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးများ ပူးပေါင်းလက်တွဲပြီး အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်သွားစေရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တားမြစ်နိုင်စေရန်အတွက် ရည်ရွယ်ပြီး မွန်အမျိုးသမီးများနေ့ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

    မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို စစ်တပ်အာဏာမသိမ်းခင်က မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသနှင့် မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး အစရှိသည့် မြို့ပေါ်နေရာတို့တွင် မွန်အမျိုးသမီးအဖွဲ့အစည်းနှင့် မွန်လူမှုအဖွဲ့အစည်းတို့က ဦးဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေနှင့် ပဋိပက္ခတို့ကြောင့် အကျဉ်းချုံးသာ ကျင်းပခဲ့ကြသည်။

    သမိုင်းတွင် ထင်ရှားကျော်ကြားခဲ့သည့် ဟံသာဝတီပြည့်ရှင် မွန်ဘုရင်မ ရှင်စောပု ဖွားတော်မူနေ့ဖြစ်သည့် တပေါင်းလဆန်း ၁၂ ရက်နေ့ကို မွန်အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကျင်းပလာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks