spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် အမျိုးသား ၄ ဦး သတင်းအစအနမရရှိသေး

    သံဖြူဇရပ်မြို့နယ်မှ ပျောက်ဆုံးနေသည့် အမျိုးသား ၄ ဦး သတင်းအစအနမရရှိသေး

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာမှ အမျိုးသား ၂ ဦးနှင့် အံခဲကျေးရွာမှ အမျိုးသား ၂ ဦးတို့သည် လွန်ခဲ့သည့် မတ်လ ၆ ရက်နေ့က စတင်ပျောက်ဆုံးနေပြီး ယနေ့အထိ သတင်းအစအန မရသေးကြောင်း သိရသည်။

    ကရုပ္ပိကျေးရွာမှ နိုင်သန်း‌ဇော်၊ နိုင်အကျဲဆိုသူနှင့် ၎င်းတို့၏ မိတ်ဆွေနှစ်ဦးဖြစ်သည့် အံခဲကျေးရွာမှ နိုင်ကွန်းတီးနှင့် နိုင်ကွန်းတင့်တို့သည် ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က ရဟန်းခံရှင်ပြုပွဲအတွက် လိုအပ်သည့် ပစ္စည်းများဝယ်ယူရန် ကားဖြင့်ထွက်ခွာသွားသည့်အချိန်မှစ၍ ပျောက်ဆုံးနေကြောင်း သိရသည်။

    ပျောက်ဆုံးသွားသည့်ရက်မှစပြီး ဒေသခံ ၄ ဦးတို့ကို မိသားစုဝင်များ၊ ရွာခံတို့နှင့် နီးစပ်ရာ မွန်အဖွဲ့အစည်းတို့က ဝိုင်းဝန်ရှာဖွေနေသော်လည်း မည်သည့်အကြောင်းကြောင့် ပျောက်ဆုံးနေသည်ကို မသိရသေးကြောင်း ကရုပ္ပိရွာခံတစ်ဦးက ဆိုသည်။

    “ဘာသတင်းမှမကြားဘူး ကျွန်တော်တို့လည်း လိုက်ရှာ နေကြပါတယ် အဖွဲ့စည်းတစ်ခုက ဖမ်းသွားတာမျိုးလည်းမကြား၊ လိုက်မေးသလောက်က ဘယ်အဖွဲ့မှာမှ မရှိနေဘူး၊ လောလောဆယ်က ဗေဒင်မေး ယတြာချေတာတွေအထိပါ လုပ်နေတယ်"ဟု ဆိုသည်။

    ၁၀ ရက်ကျော်ကြာသည်အထိ ပျောက်ဆုံးနေခြင်းကြောင့် အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်မည်ကို မိသားစုဝင်တို့က စိုးရိမ်နေကြောင်းလည်း ၎င်းရွာခံက ဆက်ပြောသည်။

    “ဘယ်သူဖမ်းသွားလဲဆိုတာ ဘယ်သူမှမထင်တတ်ဘူး။ မွန်ပြည်သစ်ပါတီကလည်း သူတို့အသိအဖွဲ့ထဲက သူတွေကိုလည်း မေးကြည့်ပြီးလိုက်ရှာနေတာပဲ။ တွေ့လည်းမတွေ့ဘူး။ တစ်ချို့ပြောတာက လမ်းမှာသန်းဇော်တို့ကို ကားစီးသွားရင်းနဲ့တွေ့တယ်။ ဒီတိုင်းဖြတ်ရင်းတွေ့တာပဲ။ စကားတော့မပြောခဲ့ရဘူး” ဟု ၎င်းက ဆိုသည်။

    အသက် ၄၀ အရွယ်ရှိသည့် နိုင်သန်းဇော်ဆိုသူသည် မွန်ပြည်သစ်ပါတီလက်အောက် လယ်ယာဥယျာဉ်ခြံ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အသက် ၅၀ အရွယ်ရှိသည့် နိုင်အကျဲဆိုသူသည် ကရုပ္ပိကျေးရွာ သာမန် နွားကျောင်းနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

    ထို့အပြင် အံခဲကျေးရွာမှ အသက် ၄၀ အရွယ်ရှိသည့် နိုင်ကွန်းတီနှင့် နိုင်ကွန်းတင့်တို့သည် ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတို့သာဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က သံဖြူဇရပ် – ရေးကားလမ်းမပေါ်တွင် အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး သေဆုံးနေသည်ဟု ကြားသိရသော်လည်း အဆိုပါအမျိုးသားသည် လက်ရှိ ပျောက်ဆုံးနေသည့် နိုင်သန်းဇော်တို့အဖွဲ့ မဟုတ်ကြောင်းလည်း ရွာခံတို့က အတည်ပြုပြောဆိုသည်။

    သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်အပြင် အခြားလက်နက်ကိုင်အဖွဲ့အစည်းတို့က ဝင်ရောက်လှုပ်ရှားသွားလာနေကြပြီး ယခုကဲ့သို့ အကြောင်းအရင်းမရှိ လူပျောက်ဆုံးနေခြင်းကြောင့် ဒေသခံတို့ကြား စိုးရိမ်မှု မြင့်တက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks