spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီကို ဝေဖန်ရေးသား၊ ဖြန့်ဝေခဲ့သည်ဆိုပြီး မော်လမြိုင်မြို့ခံတစ်ဦး ဖမ်းဆီးခံရ

    စစ်ကောင်စီကို ဝေဖန်ရေးသား၊ ဖြန့်ဝေခဲ့သည်ဆိုပြီး မော်လမြိုင်မြို့ခံတစ်ဦး ဖမ်းဆီးခံရ

    -

    လူမှုကွန်ရက်စာမျက်နှာပေါ်တွင် စစ်ကောင်စီကို ဝေဖန်သည့် မှတ်ချက်စာ ရေးသားဖြန့်ဝေခဲ့သည်ဆိုပြီး မော်လမြိုင်မြို့ခံ လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

    မတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ အရာတော်လမ်းနှင့် တောင်ပေါ်တန်းလမ်းဆုံနေရာတွင် ဖြတ်သန်းသွားလာသူများကို စစ်ဆေးဆောင်ရွက်နေစဉ် ကန်သုံးကန်ဘက်မှ တော်ပေါ်လမ်းအတိုင်း ဆိုင်ကယ်စီးလာသည့် မော်လမြိုင်မြို့နေ အသက် ၂၄ နှစ်အရွယ် မောင်ထွန်းလင်းကို ရပ်တန့်စစ်ဆေးခဲ့သည်။

    ထိုသို့ ရပ်တန့်ခဲ့ပြီး မောင်ထွန်းလင်း၏ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းတို့ကို ဆက်လက်စစ်ဆေးရာ ဖုန်းတွင် Htun Lin Facebook Account ဖြင့် စစ်မှုထမ်းဥပဒေဆိုင်ရာ ပို့စ်၊ PDF နှင့် ပတ်သက်သည့် ပို့စ်တို့ကို ဖြန့်ဝေထားသည်ကို တွေ့ရှိသည်ဆိုပြီး မောင်ထွန်းလင်းကို ဖမ်းဆီးကာ ဖုန်းနှင့် ဆိုင်ကယ်ကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

    ယင်းနောက် မောင်ထွန်းလင်းကို နိုင်ငံတော် အုပ်ချုပ်မှု ယန္တရားများပျက်ပြားစေရန်၊ နိုင်ငံတော်အကြည်ညိုပျက်စေရန်နှင့် ပြည်သူလူထုဆူပူအုံကြွမှုများကို ဖြစ်ပေါ်စေရန် ပို့စ်များ၊ မမှန်မကန်သတင်းများ ရေးသားဖြန့်ဝေသည့်စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

    မော်လမြိုင်မြို့တွင် ယခင်က စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တို့က စစ်ဆေးမှုလုပ်ဆောင်ရာတွင် ဆိုင်ကယ်ကိုသာ စစ်ဆေးကြသော်လည်း ယခုနောက်ပိုင်းတွင် ဖုန်းကိုပါ စစ်ဆေးလာကြောင်း အထူးသဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာကို စစ်ဆေးလာကြောင်း မော်လမြိုင်မြို့ခံတို့ထံမှ သိရသည်။

    “ကိုယ်ကအပြင်ထွက်လို့ စစ်ဆေးရေးအဖွဲ့နဲ့ မဆုံချင်ရင် ရှောင်သွားကြပါ။ မလွှဲသာ မရှောင်သာ ဆုံလို့ စစ်ဆေးခံမယ်ဆိုရင်လည်း ဖုန်းထဲက ပုံတွေ၊ ပိုစ့်တွေ သတိထားပြီး ဖျက်ထားကြဖို့ အကြံပြုချင်ပါတယ်။ သူတို့ (ရဲတပ်ဖွဲ့) က အဲဒါမျိုးတွေ့ရင် သူတို့အတွက်က ငွေတွင်းကြီးဘဲ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း မော်လမြိုင်မြို့၊ ရွှေနတ်တောင်ရပ်နေ Thiri Yadanar Mg (Kit Kit) အမည် Facebook Account ပိုင်ရှင်ဖြစ်သူကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အကြမ်းဖက်အဖွဲ့အား ထောက်ခံအားပေးသည့် ပို့စ်များတင်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်အရေးယူခဲ့သည်လည်း ရှိခဲ့သည်။

    မွန်ပြည်နယ်တွင် လူမှုကွန်ရက်စာမျက်နှာပေါ် စစ်ကောင်စီကို ဝေဖန် ရေးသား ဖြန့်ဝေသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG, PDF, တော်လှန်ရေးအင်အားစုတို့ကို အားပေးထောက်ခံသည့်စာ ရေးသား ဖြန့်ဝေသူတွေကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးလာခဲ့သည်။

    ဖမ်းဆီးအရေးယူမှုသည် ၂၀၂၃ ခုနှစ်ကုန်ပိုင်းကစပြီး ပိုမိုများလာခဲ့ပြီး ဖမ်းဆီးခံရသူ ရာချီရှိနိုင်သည်ဟု စောင့်ကြည့်နေသူတို့ထံမှ သိရသည်။

    လွတ်လပ်သည့် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Data For Myanmar ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ လူမှုကွန်ယက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေး ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် မွန်ပြည်နယ်တွင် ဖမ်းခံရသူ ၆၁ ဦး ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks