မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကြိုးတံတားရွာနှင့် စံပြရွာကြား၊ ရေး-သံဖြူဇရပ်ကားလမ်းဘေးတွင် လက်ပြန်ကြိုးတုပ်ထားပြီး လည်ပင်ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတစ်ခု ယနေ့ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိ ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ပြန်ကြိုးတုပ်ထားပြီး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားသည် အသက် ၅၀ နှစ်အရွယ်ခန့်ရှိပြီး မည်သူမည်ဝါဖြစ်ကြောင်းကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့မနက် ၇ နာရီလောက်မှာ လမ်းသွားလမ်းလာတွေက အဲ့ဒီအလောင်းကိုတွေ့တာ။ လက်ပြန်ကြိုးတုပ်ပြီး လည်ပင်းကို လှီးသတ်ထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ရုပ်လောင်းကိုသယ်ဖို့ လူမှုကူညီရေးအဖွဲ့တွေကို အကြောင်းကြားပေးခဲ့ပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ထိုအမျိုးသား၏ ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တို့က လမိုင်းဆေးရုံသို့ သယ်ယူပို့ဆောင်ထားကြောင်း သိရသည်။
