spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းရန် စာရင်းများကောက်ယူပြီးဖြစ်

    ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းရန် စာရင်းများကောက်ယူပြီးဖြစ်

    -

    ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးနီးပါးတွင် စစ်မှုမထမ်းမနေရဥပဒေတွင် အကျုံးဝင်သူများ၏ အရေအတွက်ကို စာရင်းကောက်ယူထားပြီးဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူတို့ထံမှ သိရသည်။

    စစ်ကောင်စီ၏ ညွှန်ကြားချက်အရ ရက်ကွက်အတွင်းရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အသက်အရွယ်အပိုင်းအခြား အရပ်သားများကို စစ်မှုထမ်းဥပဒေအတွက် စာရင်းများကောက်ယူပြီးဖြစ်ကြောင်း သိရသည်။

    ဒေသခံများ၏ ပြောပြချက်အရ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအပြင် ကော့မှူးနှင့် လှည်းကူးမြို့နယ်များတွင်ပါ စစ်မှုထမ်းရန် စာရင်းများကောက်ယူထားပြီးဖြစ်သည်။

    ဒေါပုံမြို့နယ်၊ ယမုံနာရပ်ကွက်ရှိ လူငယ်တစ်ဦးက “ကျွန်တော်တို့ရပ်ကွက်မှာတော့ ၂၄ ကနေ ၃၅ အတွင်း ခေါ်မယ်လို့ အုပ်ကြီးရဲ့လူဆီကနေကြားခဲ့တယ်။ ခေါ်တော့မယ်လို့လည်းပြောတယ်။ ဘယ်တော့လဲဆိုတာတော့ မပြောဘူး” ဟု ဆိုသည်။

    ၎င်းပြင် အခြားဒေသမှ လာရောက်အလုပ် လုပ်ကိုင်သူများ များပြားသည့် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် လူငယ်အချို့ကို ရပ်ကွက်ရုံးသို့ခေါ်ကာ စစ်မှုထမ်းရန်ပြောကြားမှုများရှိနေသည်ဟု ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လူစာရင်းကောက်ယူမှုကို အိမ်ထောင်စုဇယားဖြင့် နေအိမ်အလိုက် အတည်ပြုကာ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူတို့ထံမှ သိရသည်။

    “အခုက လုံခြုံရေးအရဆိုတော့ ထင်ထင်ပေါ်ပေါ်လုပ်လို့မရဘူး။ ကိုယ့်ရပ်ကွက်နဲ့ကိုယ် ကောက်ရတာဆိုတော့ အိမ်ထောင်စုစာရင်းကိုကြည့်တယ်။ အကျုံးဝင်တဲ့လူရှိတယ်ဆိုရင် သူ အိမ်မှာရှိလားအတည်ပြုတယ်။ ဒီလိုပဲ လုပ်တယ်” ဟု ၎င်းက ဆိုသည်။

    မတ်လ ၁၃ ရက်နေ့ကစပြီး စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် စာရင်းသွင်းရမည့် နမူနာ ဖောင်ပုံစံ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည်။

    စစ်ကောင်စီမှ လာမည့် ဧပြီလ သင်္ကြန်အပြီးမှစတင်ကာ စစ်မှုထမ်းအရေအတွက် ၅၀၀၀ ခန့်ကို စတင်ခေါ်ယူမည်ဖြစ်ပြီး အမျိုးသမီးများကို ခေါ်ယူရန် အစီအစဉ်မဖြစ်သေးကြောင်း ကြေညာထားသည်။

    စစ်ကောင်စီမှ ၎င်းထိန်းချုပ်ရာနယ်မြေများတွင် စစ်မှုထမ်းဥပဒေကို တစိုက်မတ်မတ် အကောင်အထည်ဖော်နေပြီး စစ်ရေးပြင်းထန်နေသည့် ဒေသများတွင် အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းစေခြင်းများလည်း ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks