spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းပအိုဝ်းဒေသကို စစ်ကောင်စီဖျက်ဆီးနေမှု နိုင်ငံတကာလစ်လျူရှုထားဟု PNLA ပြော

    ပအိုဝ်းဒေသကို စစ်ကောင်စီဖျက်ဆီးနေမှု နိုင်ငံတကာလစ်လျူရှုထားဟု PNLA ပြော

    -

    ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာများကို စစ်ကောင်စီမှ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် ဆက်တိုက် တိုက်ခိုက်ဖျက်ဆီးနေသည်ကို နိုင်ငံတကာအဖွဲ့အစည်းများက တာဝန်မဲ့စွာ လစ်လျူရှုထားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ပြောဆိုသည်။

    ကုလသမ္မဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများအပေါ် ထိထိရောက်ရောက်အရေးယူခြင်းမရှိကြောင်းလည်း PNLA ပြောရေးဆိုဆိုခွင့်ရှိသူ ခွန်ရိမ်ရမ်က ပြောသည်။

    ခွန်ရိမ်ရမ်က “ဒီလိုမျိုးစစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပေါ်ပေါ်ထင်ထင် ရက်ရက်စက်စက် ကျူးလွန်နေတဲ့ စစ်ကောင်စီကို ကုလသမ္မဂ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက အရေးယူဖို့ ဒီအတိုင်းပဲ တာဝန်မဲ့ပျက်ကွက်နေတာက ရှက်ဖွယ်ဖြစ်တယ်။ ကမ္ဘာ့အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကို အပြောမဟုတ်ဘဲ လက်တွေ့ထိထိရောက်ရောက်အရေးယူပေးဖို့လိုနေပါတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ဆီဆိုင်၊ လွိုင်လင်နှင့် ပင်လောင်းဒေသကို စစ်ကောင်စီက အကြောင်းမဲ့လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုင်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းအပြင် ဓာတုဗုံးဖြင့်ပါ တိုက်ခိုက်နေကြောင်း PNLA က ထုတ်ပြန်ထားသည်။

    လွန်ခဲ့သည့် ရက်ပေါင်း ၅၀ ကျော်ခန့်မှစတင်ကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်ကောင်စီတပ်နှင့် PNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ စတင်ပြင်းထန်ခဲ့သည်။

    တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပအိုဝ်းဒေသရှိ နေအိမ် ၁၈၅ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၄ လုံး၊ ဆေးရုံနှင့် ဆေးပေးခန်း ၂ လုံးနှင့် ဆီဆိုင်မြို့မစျေးတစ်ခုလုံး မီးလောင်ပျက်စီးခဲ့ရသည်။

    ၎င်းပြင် ဒေသခံ ၉ သောင်းနီးပါးခန့်ကလည်း တောင်ကြီးမြို့အပါအဝင် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရပြီး မြို့နှင့် အနီးတစ်ဝိုက် စစ်ရှောင်သူများကို စစ်ကောင်စီက အဓမ္မ နေရပ်ပြန်ခိုင်းခြင်းများရှိနေကြောင်း သိရသည်။

    စစ်ကောင်စီက မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာအနီးတွင် MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း မတ်လ ၁၄ ရက်နေ့ နံနက်ကလည်း MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ ကျောက္ကဆျားကျေးရွာအနီးသို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဆီဆိုင်မြို့ကိုလည်း စစ်ကောင်စီတပ်တို့က သံချပ်ကာကားများ၊ တင့်ကားများအသုံးပြုပြီး စစ်ကြောင်းထိုးလာသဖြင့် မြို့မြောက်ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။

    စစ်ကောင်စီသည် ပအိုဝ်းလူမျိုးများအထွဋ်အထိပ်ထားရာ ဘာသာရေးအဆောက်အအုံများတွင် တပ်စွဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း PNLA က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks