တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့်ရက်အတွင်း ရေးမြို့နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေခြင်းကြောင့် ကျောင်းသားမိဘနှင့် ဒေသခံတို့ စိုးရိမ်နေကြသည်ဟု ဆိုသည်။
ယမန်နေ့(မတ်လ ၁၄)ရက်နေ့ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ နံနက်ပိုင်းတွင် ရေးမြို့နယ် ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထို့အပြင် ရေးဘီးလူးအဖွဲ့မှ "ဘီလူးနင်းမဲ့လမ်း" စစ်ဆင်ရေးကို ကောင်ထည်ဖော်တော့မည်ဟု ထုတ်ပြန်ထားခြင်းကြောင့် စာမေးပွဲဖြေဆိုရာ ရေးမြို့အထက်တန်းကျောင်းတွင် ပစ်ခတ်မှုတစ်စုံတစ်ရာဖြစ်ပွားမည်ကို စိုးရိမ်လျှက်ရှိကြောင်း မွန်အမျိုးသားကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
“၃ ဘာသာတော့ အေးဆေးဖြေလို့ပြီးပြီး ရေးမြို့ဘက်ကတော့
အသွားအလာ မပြုဖို့ပြောထားပေမဲ့ ကလေးတွေစာဖြေနေတုန်း ဘာမှမဖြစ်ပါဘူး၊ သူတို့လည်း
ဘာမှမလုပ်ပါဘူး၊ ဒါမဲ့ စာမေးပွဲမပြီးမချင်တော့ ရင်တထိတ်ထိတ်ပေါ့၊ ကျန်တဲ့ရက်တွေလည်း အေးဆေးဖြေနိုင်ဖို့ မျှော်လင့်တယ်ပေါ့ ” ဟု ဆိုသည်။
မွန်အမျိုးသားကျောင်းမှ လာရောက်ဖြေဆိုသည့် ကျောင်းသား/သူများသည်
စာမေးပွဲကာလအတွင်း သွားလာလွယ်ကူစေရန် ရေးမြို့နယ် အဘော်ကျေးရွာ ဘုန်းကြီးကျောင်းတွင် နေထိုင်နေသူတို့ရှိသလို အသွားအပြန်ဖြင့် လာရောက်ဖြေဆိုနေသူတို့လည်း ရှိနေခြင်းကြောင့် အသွားလာလုံခြုံရေး သတိပြုနေရကြောင်းလည်း ဆက်ပြောသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မွန်အမျိုးသား အထက်တန်းကျောင်း ၃ ကျောင်းမှ ကျောင်းသာကျောင်းသူ ၁၀၀ ဝန်းကျင် လာရောက်ဖြေဆိုနေကြောင်းလည်း သိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့ကစပြီး ၁၉ ရက်နေ့အထိ တစ်ရက်လျှင် ၁
ဘာသာနှုန်းဖြင့် ဖြေဆိုခဲ့ရာ ယနေ့အထိ ၅ ဘာသာဖြေဆိုပြီးမြောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုနှစ်မွန်ပြည်နယ်တွင် တက္ကသိုလ် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၅၇၀၀ ကျော်ရှိနေပြီး၊ ရေးမြို့နယ်မှ ၄၅၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း အချိန်မရွေး၊ နေရာမရွေး တိုက်ပွဲဖြစ်လာနိုင်သည့်အတွက် ပြည်သူများ အသွားအလာသတိပြုကြရန်လည်း တော်လှန်ရေးအဖွဲ့တို့က ထုတ်ပြန်ထားကြောင်း သိရသည်။