မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာအကြားတွင် ကမာဝက်မြို့ နယ်မြေရဲစခန်းမှူး မင်းဌေးမောင်မောင် စီးနင်းလာသည့် ကားကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က သံဖြူဇရပ်မြို့ဘက်မှ မုဒုံမြို့ဘက်သို့ မောင်းနှင်လာသည့် ကမာဝက်မြို့နယ်မြေရဲစခန်းမှူးကားသည် မုဒုံ-သံဖြူဇရပ်ကားလမ်း၊ ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြား အရောက်တွင် NMSP-AD က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကမာဝက်မြို့နယ်မြေရဲစခန်းမှူးကားနှင့်အတူ သံဖြူဇရပ်မြို့ စရဖကားလည်း တိုက်ခိုက်ခံရပြီး ကားပေါ်ပါလာသူများ ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်ဖြစ်စဉ်အတွင်း MA1 သေနတ်တစ်လက်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိပြီး၊ ကားနှစ်စီးကိုလည်း မီးရှုံ့ဖျက်ဆီးခဲ့ကြောင်း NMSP-AD က ထုတ်ပြန်ထားသည်။
ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းမှာတော့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ရောင်းဒေါင်ကျေးရွာထဲသို့ အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကား ၃ စီးဖြင့် ရောက်ရှိလာသည်ဟု ဒေသခံတို့ထံမှ သိရသည်။
“ဒီနေ့ စစ်သားတွေ ကားသုံးစီး အင်အား ၃၀ ကျော်လောက်ရှိမယ်။ ရွာထဲကို လမ်းလျှောက်ဝင်လာကြတယ်။ မေးမြန်းတာ ဘာညာတော့မရှိဘူး။ ရွာလမ်းဝမှာလည်း ၈ ယောက်လောက်ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကမာဝက်မြို့နယ်မြေရဲစခန်းမှူးကားတိုက်ခိုက်ခံရဖြစ်စဉ်အတွင်း သံဖြူဇရပ်တိုးဂိတ်မှ မန်နေဂျာဖြစ်သူ သေဆုံးသွားသည်ဟု သတင်းထွက်နေသော်လည်း လွပ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိုနေ့တွင်ပင် NMSP-AD တပ်ဖွဲ့တို့က ကျိုက်မရောမြို့နယ်၊ ကြံတောကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို မတ်လ ၁၃ ရက်နေ့ကလည်း တံခွန်တိုင်ကျေးရွာရှိ စစ်ကောင်စီတပ်ကို မဟာမိတ်တို့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု NMSP-AD က ထုတ်ပြန်ထားသည်။
NMSP-AD သည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။
NMSP-AD သည် မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် လှုပ်ရှားနေသည့်အတွင် ဒေသတွင်း တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။